မန်ကျည်းပင်ပေါ်တွင် ဓာတ်လိုက်သတိလစ်နေသည့် လူငယ်အား ကရိန်းဖြင့်ကယ်

0
1261

မန်ကျည်းပင်ပေါ်တက်၍ မန်ကျည်းသီးခူးရာမှ ဓာတ်လိုက်နေသည့် လူငယ်အမျိုးသားတစ်ဦးကို ကရိန်းယာဉ်ငှား၍ ကယ်တင်ခဲ့ရကြောင်း ကော့သောင်းမြို့ ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့ထံမှသိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်းပေါ်ရှိ မန်ကျည်းပင်ပေါ်တွင် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး မန်ကျည်းသီးတက်ခူးရာမှ ဓာတ်လိုက်ပြီး သတိလစ်နေခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကောင်လေးက ဒီရပ်ကွက်ကပဲ။ လူက (အပင်) ခွကြားမှာ သတိမေ့နေတာပေါ့ ။ မန်ကျည်းပင်နဲ့ ငြိနေတဲ့ ဓာတ်ကြိုးပေါက်နေတဲ့နေရာ ကိုင်မိတယ်ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းနောက် လူနာကို ကယ်တင်ရန် ရွှေအဏ္ဏဝါပရဟိတအဖွဲ့ဝင်များသည် ကော့သောင်းမြို့ လျှပ်စစ်ဌာနတို့ကို အကြောင်းကြား၍ ယင်းဌာနတို့၏အကူအညီဖြင့် လူနာကို ကရိန်းယာဉ်ဖြင့် သစ်ပင်ပေါ်မှာချခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ယင်းနောက် ၂ မိုင် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဓာတ်လိုက်သည့် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်ပ စိုးရိမ်ရသည့်ဒဏ်ရာများ မတွေ့ရှိကြောင်း ရွှေအဏ္ဏဝါ လူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။