ပုလော၊ ကျောက္ကာရွာရှိ ဈေးဆိုင်များ ဆန်ရောင်းချမှု ပိတ်ပင်ခံရ

0
831

ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ ဈေးဆိုင်များ ဆန်ရောင်းချခွင့် ပိတ်ပင်ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီးရပ်မိရပ်ဖများနှင့် ဈေးဆိုင်ပိုင်ရှင်များကို စစ်ကောင်စီ ရေတပ်က အစည်းအဝေးခေါ်ယူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဆန်ရောင်းချခြင်းမပြုရန် ပြောဆိုခဲ့ပြီး ရောင်းဝယ်နေသည်ကို တွေ့ရှိပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါချမှတ်ခံရမည်ဖြစ်သည်ဟု သတိပေး ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အရင်တုန်းက သမဝါယမပုံစံမျိုး ဝယ်ချင်ရင် သူတိုဖွဲ့စည်းပေးထား အဖွဲ့ဆီမှာလာဝယ်။ အိမ်ထောင်စုစာရင်းအလိုက် ရောင်းချပေးမယ်။ ခိုးတင်လာတာတွေ့ရင်တော့ အရေးယူမယ် ဆိုပြီးပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ ဦးစီးကာ ဆန်ရောင်းချနေပြီး ရွာပေါ်ရှိဈေးဆိုင်များတွင် ရောင်းချခြင်းမရှိတော့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ဈေးဆိုင်တွေကတော့ မရောင်းကြတော့ဘူး။ဝယ်ချင်ရင် ရာအိမ်မှူးဆီမှာ သွားဝယ်ရတယ်။လိုသလောက် ဝယ်လို့တော့မရဘူး။ အိမ်မှာရှိတဲ့လူဦးရေအပေါ်မူတည်ပြီး သူ့စကေးနဲ့သူ ရောင်းချပေးတယ်” ဟု ၎င်းကပြောသည်။

ကျောက္ကာကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး အများစုမှာ ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်ကြသည်။

ယင်းကျေးရွာအနီးတဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပစ်ခတ်မှုများရှိသလို ရေတပ်စစ်သင်္ဘောနှင့်လည်း ပစ်ခတ်မှုများ ဖြစ်ဖူးသည်။

လက်ရှိတွင် ပုလောမြို့နယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ လက္ကူးနှင့်ကျောက္ကာကျေးရွာအုပ်စုများအနီးတွင် ရေတပ်စစ်သင်္ဘော သုံးစီးထက်မနည်းရှိနေပြီး ပင်လယ်ပြင် လုံခြုံရေးယူထားကြောင်း ဒေသခံများထံမှသိရသည်။

ပုလောမြို့နယ်၊ အရှေ့ဖျားရွာများကိုလည်း ဆန်၊ဆီ၊ရိက္ခာသယ်ယူခွင့် ပိတ်ထားသည်မှာ ၂နှစ်နီးပါးရှိလာပြီဖြစ်သည်။ အလားတူ ပြည်သူ့ကာကွယ်တပ်များ ဝင်ထွက်လေ့ရှိသည့် ကျေးရွာများကိုလည်း ဆန်သယ်ယူရောင်းချခြင်းကို စစ်ကောင်စီတပ်က ကန့်သန့်ထားသည်။

တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်သည် တိုက်ပွဲအဖြစ်များဆုံးဒေသဖြစ်ပြီး ကျေးရွာအများစုက ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။