ပုလော ကြဲရွာတွင် နေအိမ်များ မီးရှို့ခံရ

0
974

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာတွင် နေအိမ်များ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၃ ရက် ညနေ ၅ နာရီက ကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခံကြောင်း ဒေသခံများက ဆိုသည်။

“တပြားလုံး (တစ်စုလုံး) မီးခိုးတက်နေတယ်ဆိုတော့ တစ်ဆယ်ကျော်လောက် ရှိနိုင်တယ်။ လက်ရှိက ရွာထဲမဝင်ရဲကြသေးလို့ အတိအကျ မသိရသေးဘူး။ လောင်တဲ့ဖက်မှာ ဈေးဆိုင်တွေလည်းရှိတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်အင်အား ခုနစ်ဆယ်ဝန်းကျင်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်အထိ ကျေးရွာအတွင်းရှိ နေသေးကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ရွာသားများမှာ နီးစပ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေးနေကြရပြီး လက်ရှိအချိန်အထိ ပုန်းအောင်းနေကြရကြောင်း ဒေသခံများက ဆိုသည်။

“စစ်တပ်က ကြဲရွာအဝင်ဝနဲ့ ရွာထဲမှာလည်း ရှိနေသေးတယ်။ ရွာသားတွေကတော့ မဝင်ရဲကြသေးဘူး” ဟု ဒေသခံ နောက်အမျိုးသားတစ်ဦးက ပြောသည်။

မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုတွင်တိုက်ပွဲများ ရက်ရှည်ဖြစ်ခဲ့ပြီး အရပ်သားနေအိမ် လေးဆယ်ခန့် မီးရှို့ခံခဲ့ရသေးသည်။