တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
857

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ

အစ္စရေး-ဟားမတ်စ်အရေးကြောင့် ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှု များလာနိုင်

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခပြင်းထန်လာတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာတဝန်းမှာ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ များပြားလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အမေရိကန်ပြည်ထောင်စု Salt Lacke City မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုပါ ကြုံတွေ့ခဲ့ကြရတာပါ။

စိန့်လူးဝစ်မှာလည်း ကုန်ကားပေါ်က ဂျူးဆန့်ကျင်ရေးစာတမ်းတွေ ရေးသားခဲ့တဲ့အတွက် ရဲတွေက အရေးယူဆောင်ရွက်ခဲ့ရပါသေးတယ်။

ဗြိတိန်နိုင်ငံမှာတော့ ပဋိပက္ခတွေစတင်ပြီး ၄ ရက်ထဲမှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ၃၀၀ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့တယ်လို့ Community Security Trust အဖွဲ့က ထောက်ပြခဲ့ပါတယ်။

လန်ဒန်မြို့က ဂျူးစာသင်ကျောင်း နှစ်ကျောင်းကိုလည်း လုံခြုံရေးအရ ယာယီပိတ်သိမ်းထားရပါတယ်။

အမေရိကန်ပြည်ထောင်စုက မြို့ကြီးတွေမှာ ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့ဆန္ဒပြပွဲ တစ်ချို့ပါ ရှိခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ Sydney က ကဇတ်ရုံရှေ့မှာလည်း ဆန္ဒပြခဲ့တဲ့ အဖွဲ့တဖွဲ့က ဂျူးတွေကို ဓာတ်ငွေ့လွှတ်သတ်လို့ အော်ဟစ်ခဲ့ပါသေးတယ်။

Ref: REUTERS

………………………………..

အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာ

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကနေ အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည်တွေနဲ့ အောက်တိုဘာ ၇ ရက်နေ့မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ပွဲဆက်တိုက်ဖြစ်လာကာ နှစ်ဖက်သေဆုံးသူ ၂၇၀၀ ကျော်လာပြီဖြစ်ပါတယ်။

အစ္စရေးဘက်က သေဆုံးသူ ၁၃၀၀ ကျော်လာပြီး ဒီအရေအတွက်က ၁၉၄၈ ခုနှစ်နောက်ပိုင်း နိုင်ငံထဲ တိုက်ခိုက်ခံရလို့ လူသေဆုံးမှု အမြင့်ဆုံးပါ။

အစ္စရေးပြည်သူ ၃၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတော့ ဟားမတ်စ်တွေလက်ထဲ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ဓါးစာခံ ၁၅၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

အစ္စရေးဘက်ကလည်း ဂါဇာဒေသကို လေကြောင်းကနေ ဗုံး ၆၀၀၀ ကျော်ကြဲခဲ့တယ်လို့ ကြေညာခဲ့ပြီး ဒီဗုံးတွေကြောင့် ပါလက်စတိုင်း ၁၄၀၀ ဦး သေဆုံးခဲ့သလို ၆၂၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ပါလက်စတိုင်း ၃၃၈၀၀၀ ကျော် ထွက်ပြေးနေရပြီး ၇၃၀၀၀ ကျော်ကတော့ စာသင်ကျောင်းတွေမှာ ခုံလှုံနေရပါတယ်။

Ref: Aljazeera

………………………………..

အစ္စရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အောက်တိုဘာ ၁၂ ရက်နေ့မှာ အစ္စရေးကို ရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာနှင့် တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု လိုလားသူတိုင်းက ဟားမတ်စ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ရှုတ်ချရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့က ပါလက်စတိုင်းတွေကို ကိုယ်စားမပြုနိုင်သလို အမေရိကန်ပြည်ထောင်စုရှိနေသရွေ့ အစ္စရေးရဲ့ နောက်မှာ အမြဲရပ်တည်နေမယ်လို့ ဆိုခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် ၂၇ ဦး အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံသားတွေ သေဆုံးတာ ဖမ်းဆီးခံရတာတွေ ဆက်တိုက်ကြုံတွေ့နေရတာပါ။

အစ္စရေးမှာ အမေရိကန်နိုင်ငံသား သိန်းနဲ့ချီ ရှိနေပြီး အမေရိကန်အစိုးရကနေ ကယ်ဆယ်ရေးလေယာဉ်တွေ စတင်စေလွှတ်တော့မယ်လို့ ဆိုထားပါတယ်။

Ref: BBC

………………………………..

မြောက်ကိုးရီးယား ဒုက္ခသည် ၅၀၀ ကျော်ကို တရုတ်က နေရပ်ပြန်ပို့

မြောက်ကိုရီးယားဘက်က ခိုလှုံလာသူ ၅၀၀ ကျော်ကို ယခုအပတ် အစောပိုင်း အောက်တိုဘာ ၉ ရက်နေ့က တရုတ်က အတင်းအကြပ် နေရပ်ပြန်ပို့ခဲ့ပါတယ်။

ဒါကို မြောက်ကိုရီးယားဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ တောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့တာပါ။

ကိုဗစ်နောက်ပိုင်း မြောက်ကိုရီးယားဘက်က နယ်စပ်တစ်လျှောက် ဖြေလျော့ပေးပြီးတဲ့နောက် တရုတ်က အခုလို မြောက်ကိုရီးယားနိုင်ငံသားတွေကို နယ်စပ်ကတဆင့် ပြန်ပို့လိုက်တာ ပထမဆုံးအကြိမ်ပါ။

မြောက်ကိုရီးယားအများအပြားကို နေရပ်ပြန်ပို့တယ်ဆိုတဲ့ သတင်းအပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အတည်မပြုထားပါဘူး။

မြောက်ကိုရီးယားနိုင်ငံသားတွေဟာ တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ကြပေမယ် ဒုက္ခသည်အဖြစ်နဲ့ နေထိုင်ဖို့ ဥပဒေအရ ခွင့်မပြုထားပါဘူး။

Ref: France24

………………………………..

အာဖဂနစ္စတန်မှာ ငလျင်ကြောင့် လူ ၂၀၀၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၃ ရှိတဲ့ မြေငလျင်တစ်ခု အောက်တိုဘာ ၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့အတွက် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ပြီး ၉၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ငလျင်က ဟေရတ်မြို့ အနောက်မြောက်ဘက်မိုင် ၂၀ လောက်အကွာ ဇန်ဒါဂျန်ခရိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။

ဆယ်စုနှစ်တွေအထိ စစ်ပွဲတွေကြောင့် အဆောက်အဦးတွေ ပျက်စီးခဲ့ရတဲ့ နိုင်ငံထဲ ဝေးလံတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောက်နှေးခဲ့ရပါတယ်။

ဒါကြောင့် သေဆုံးသူ အရေအတွက်က မြင့်တက်လာခဲ့တာပါ။

အာဖဂန်နစ္စတန်က ပါကစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Hindu Kush ဒေသမှာ ပြင်းထန်တဲ့ ငလျင်တွေလှုပ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Ref: REUTERS

………………………………..

တရုတ်တွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေ

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းဟာ လွန်ခဲ့တဲ့နှစ်တွေထက် ၁၀ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပြီး နိမ့်ကျသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ကလေးမွေးဖွားမှုပေါင်း ၉ ဒသမ ၅ သန်းကျော်လောက်ကိုသာ မှတ်ပုံတင်ခဲ့တာပါ။

တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်းသာ ယူရမယ့် မူဝါဒ ဖျက်သိမ်းပြီးနောက် တရုတ်အစိုးရက ပြည်သူတွေကို ကလေးယူကြဖို့ တိုက်တွန်းနေပါတယ်။

တရုတ်အစိုးရကလည်း လူဦးရေ ကျဆင်းသွားမှာကို စိုးရိမ်နေတာပါ။

မနှစ်တုန်းက တရုတ် လူဦးရေဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ၁ ဒသမ ၄၁ ဘီလီယံအထိ ကျဆင်းသွားခဲ့ပါတယ်။

အခုနှစ်မှာ ကလေးမွေးဖွားနှုန်းဟာ ၉ သန်းအောက် ကျဆင်းသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

Ref: WION

………………………………..

အစ္စရေးနှင့် ဂါဇာက ထိုင်းနိုင်ငံသား ၄၁ ဦး နေရပ်ပြန်

အစ္စရေး နဲ့ ဂါဇာဒေသထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၄၁ ဦး ဟာ ပထမဆုံးအသုတ်အနေနဲ့ အစ္စရေးကတဆင့် ထိုင်းနိုင်ငံကို အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လည်ရောက်ရှိလာပါတယ်။

သူတို့ကို ထိုင်းအာဏာပိုင်တွေနဲ့ မိသားစုဝင်တွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြတာပါ။

နောက်ထပ် ထိုင်းနိုင်ငံသား ၅၀၀၀ နီးပါးကလည်း အစ္စရေးကနေ ပြန်ဖို့ စောင့်ဆိုင်းနေကြပါတယ်။

လက်ရှိအချိန်အထိ အစ္စရေး နဲ့ ဂါဇာ အရေးမှာ ထိုင်းနိုင်ငံသား ၂၁ ဦးသေဆုံးထားပြီး ၁၄ ဦးက ထိခိုက်ဒဏ်ရာရှိထားပါတယ်။

ထိုင်းနိုင်ငံသား ၁၆ ဦးက ဓားစာခံအနေနဲ့ ဖမ်းဆီးခံရလို့ ပြန်လည်လွတ်မြောက်ဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေပါတယ်။

Ref: Bangkok Post

………………………………..

ဩစတေးလျ သတင်းထောက်ကို တရုတ် ပြန်လွှတ်

သြစတြေးလျ သတင်းထောက် ချန်လေးကို တရုတ်ပြည်မှာ သူလျှိုလုပ်မှုနဲ့ ၃ နှစ်ကြာ ဖမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

သူမက ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ သတင်းအချက်အလက်များကို နိုင်ငံတကာသို့ လှို့ဝှက်ပေးပို့မှုနဲ့ ဖမ်းဆီးခံရသူပါ။

ပြစ်ဒဏ်ကျခံပြီးနောက် သူ့ကို ပြန်ပို့လိုက်ကြောင်းလည်း တရုတ်အစိုးရက ပြောလိုက်တာပါ။

တရုတ်အစိုးရရဲ့ နိုင်ငံခြားသတင်းဌာန CGTN မှာ သတင်းတင်ဆက်သူအဖြစ် မစ္စချန် အလုပ်လုပ်ခဲ့ပါတယ်။

သူခံစားရတဲ့ ဆင်းရဲဒုက္ခတွေကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုပါတယ်။

တရုတ်ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေကနေပြီး သူလွတ်မြောက်ဖို့ ကြိုးစားနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်ကို ဆိုပါတယ်။

Ref: ABC News

………………………………..

အိန္ဒိယအရှေ့မြောက် ရေကြီးမှုကြောင့် လူ ၇၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၇၄ ဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

လမ်းတွေ တံတားတွေ တော်တော် ပျက်စီးသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ကုန်ကာ လူတွေလည်း ပျောက်ဆုံးခဲ့တာပါ။

တောင်တန်းပေါ်မှာ ရေကန်တစ်ခုကနေ ရုတ်တရက်ပေါက်ကွဲခဲ့ပြီးနောက် ဆစ်ကင်းပြည်နယ်ထဲ ရေစီးကြောင်းတွေ အရှိန်နဲ့ စီးဆင်းလာခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းကို ဆစ်ကင်းပြည်နယ် နေရာအနှံ့မှာ ကောက်ယူရရှိခဲ့တာပါ။

အိမ်နီးချင်း အနောက်ဘန်ဂေါပြည်နယ်မှာလည်း နောက်ထပ် ရုပ်အလောင်း ၄၈ လောင်းကို ဆယ်ယူရရှိခဲ့ပါတယ်။

Ref: CNN

………………………………..

ဘရူနိုင်းမင်းသား လာမည့်နှစ်တွင် လက်ထပ်တော့မည်

ကမ္ဘာပေါ်မှာ ရုပ်ရည်ကြည့်ကောင်းတဲ့ တော်ဝင်မင်းသားဖြစ်သူ ဘရူနိုင်းမင်းသား အဒူမာတင်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် အဒူမာတင်က ဘရူနိုင်းဘုရင် ဆူလ်တန်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ရဲ့မြေး အေနီရှာ ရိုဆာနာ အာဒမ်နဲ့ လက်ထပ်မှာပါ။

အေနီရှာကို ဘရူနိုင်းမင်းသားနဲ့အတူ ဘရူနိုင်းမင်းသမီးတွေရဲ့လက်ထပ်မင်္ဂလာပွဲတွေမှာ တက်ရောက်တာ မြင်တွေ့ခဲ့ရပါသေးတယ်။

သူတို့ရဲ့ တော်ဝင်မင်္ဂလာအခမ်းအနားက ၁၀ ရက်ကြာမှာပါ။

အဒူမာတင်က ဘရူနိုင်းဘုရင် ဆူလ်တန် ဟက်ဆာနယ် ဘိုခိုင်ယာရဲ့ ၄ ယောက်မြောက်သားတော်ဖြစ်ပါတယ်။

သူက ဘရူနိုင်းတော်ဝင်လေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ဆူလ်တန်နဲ့အတူ သံတမန်ရေးရာတာဝန်တွေကို ထမ်းဆောင်နေသူဖြစ်ပါတယ်။

Ref: The Straits Times

………………………………..