တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ခံရ

0
915
Photo - တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။

ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီ၏ (၅၅၈) ခြေမြန်တပ်ရင်းသို့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၃ နာရီခွဲတို့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၁) ၊ တနင်္သာရီတိုင်းစစ်ဌာန လက်ရုံးတပ်ဖွဲ့ (လေ့ကျင့်ရေးနှင့် နည်းပညာဌာန မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad)) ၊ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂) အပါအဝင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် ယနေ့ အောက်တိုဘာလ ၁၁ရက်တွင် စစ်ကောင်စီတပ်က သဘော့လိပ်ရွာအနီးသို့ စစ်ကြောင်းထိုးလာပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ်တွင် ခရီးသွားပြည်သူများ ညအချိန် မသွားလာကြရန်၊ စစ်ကောင်စီ တပ်နှင့် နီးကပ်စွာနေထိုင်သွားလာခြင်းမပြုရန်၊ နေ့အချိန်ကားများ သွားလာပါက မှန်ချမောင်းပေးရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေးထားသည်။