လက်ရုံးရည်၊ နှလုံးရည်နှင့် ဓလေ့အသစ်ဆီသို့

0
1366

“စစ်တပ်မရှိရင် တိုင်းပြည်ဘာဖြစ်သွားမလဲ” ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေကို အရင်နှစ်တွေထဲမှာ အမြင်ကပ်လောက်အောင်ကို ကြားခဲ့ကြဖူးပါလိမ့်မယ်။ စစ်တပ်ဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် သူ့ကိုယ်သူ သဘောထား ဒါမှမဟုတ် အတင်းနေရာဝင်ယူခဲ့တာ နှစ်ပေါင်းများစွာပါပဲ။ ဒီအမြင်ကို လူထုအကြား စိမ့်ဝင်လက်ခံ၊ စွဲမြဲနေအောင်ကိုလည်း စစ်ခေါင်းဆောင်တွေက ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

စစ်တပ်မရှိလည်း ဖြစ်တယ်ဆိုတာကို ၂၀၂၁ ခုနှစ်အလွန်မှာတော့ ရုန်းထပြခဲ့ကြပါပြီ။ “ငါတို့ပြည်သူတွေဟာ ကိုယ့်ဘာသာ စစ်တပ်ကြီးတစ်ခု တည်ထောင်နိုင်တယ်” လို့ သက်သေထူပြခဲ့ကြပါတယ်။

မကြာသေးခင်ကပဲ စာအုပ်ကလေးတစ်အုပ်ကို ဖတ်ခဲ့ရပါတယ်။ ‘မြန်မာ့နိုင်ငံရေး အတွေးအခေါ’ ဆိုတဲ့ စာအုပ်ပါးကလေးပါပဲ။

သမိုင်းသုတေသီလည်းဖြစ်၊ လက်ရှိမှာ ဗီအိုအေမြန်မာပိုင်းအစီအစဉ်ကနေ နိုင်ငံရေးသုံးသပ်ချက်တွေကို ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေသူလည်းဖြစ်တဲ့ ဦးအောင်ခင်ရဲ့ ကောက်နုတ်တင်ပြချက် စာအုပ်ကလေးဖြစ်ပါတယ်။ မူးရင်းကတော့ ရန်ကုန်တက္ကသိုလ်ပါမောက္ခဟောင်း နာမည်ကျော်သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီး ရေးသားပြုစုတဲ့ BURMESE POLITICAL VALUES: THE SOCIO-POLITICAL ROOTS OF AUTHORITARIANISM စာအုပ် ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်လို့ မြန်မာလူ့ဘောင်အသိုင်းအဝိုင်းမှာ စွဲမြဲနေတဲ့ သိမြင်လက်ခံမှုတွေ၊ တန်ဖိုးထားမှုတွေနဲ့ အတွေးအခေါ်တွေကို ဆွဲထုတ်တင်ပြထားတာဖြစ်ပါတယ်။ စာအုပ်ဟာ ၁၉၈၈ ကာလမတိုင်မီအခြေအနေကိုပဲ ထင်ဟပ်ဖော်ပြထားပေမဲ့ တချို့သော အယူအစွဲတွေ၊ နားလည်မှုတွေက လက်ရှိအချိန်အထိ ဆက်ရှိနေပါသေးတယ်။ တချို့တွေကတော့ ပြောင်းလဲသွားပြီလို ထင်မိပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုတွေရဲ့အမြင်နဲ့ အတွေးအခေါ်တွေဟာ အာဏာရှင်ဓလေ့စရိုက်တွေနဲ့ ယဉ်ပါးနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကလည်း မြန်မာ့သမိုင်းဟာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အာဏာရှင်စနစ်တွေသာ လွှမ်းမိုးခဲ့တာကြောင့်ပါတဲ့။ ပတ်ဝန်းကျင်မှာ ကျယ်ပြန့်နေတဲ့ စကားအသုံးအနှုန်းတွေ၊ စကားပုံတွေ၊ ဆိုရိုးစကားတွေမှာ အဲဒီအချက်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

‘မင်းခ ယောက်ျား ကမ်းနားသစ်ပင်’၊ ‘နီးရာဓား ကြောက်’၊ ‘ဘဝရှင် မင်းတရား’ စသဖြင့် အများကြီးပါပဲ။

ရှင်ဘုရင်တွေရဲ့ သက်ဦးဆံပိုင်ခေတ်ကနေ စလို့ ကိုလိုနီခေတ်အလယ်၊ လွတ်လပ်ရေးရပြီးခေတ်အဆုံး သမိုင်းစဉ်တလျှောက်လုံးမှာ အစိုးရတွေနဲ့ပတ်သက်ရင် ရိုသေလေးမြတ် ကြောက်ရွံ့စရာရယ်လို့ မြင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့တစ်ခါ နိုင်ငံရေးကိစ္စဟာ ငါတို့ပြည်သူလူထုတွေနဲ့ မသက်ဆိုင်၊ အလှမ်းဝေးတဲ့အရာလို့လည်း ခံယူထားတတ်ကြပါသေးတယ်။

‘တိမ်တောင်သဖွယ် မင်းရေးကျယ်’၊ ‘ကြွေးတင် ရှင်ဘုရင်ဆပ်’ ဆိုတဲ့ ပြောရိုးတွေဟာ အဲဒီအတွေးအခေါ်တွေ၊ စဉ်းစားချက်တွေကနေ ဆင်းသက်ပေါက်ဖွားလာတာတွေ ဖြစ်မှာပါပဲ။

ရှင်ဘုရင်တွေ၊ အစိုးရတွေမှာ အလုံးစုံအာဏာရှိတယ်လို့ ထင်မှတ်ယူထားတာက အဆိုးဆုံး ဖြစ်ပါလိမ့်မယ်။

မြန်မာလူထုတွေဟာ အစိုးရတွေနဲ့ပတ်သက်ရင် အဲဒီလိုပဲ သဘောထားလေ့ရှိခဲ့ကြပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၂၀၁၁-၁၂ ခုနှစ်တွေမတိုင်မီကာလတွေအထိ အများစုမှာက အဲဒီလို အမြင်မျိုးတွေ ရှိနေခဲ့တာပါပဲ။

ဒီလိုအမြင်တွေကြောင့်လည်း အာဏာရှင်တွေ တည်မြဲနေခဲ့တာဖြစ်တယ်လို့ ကျမ်းပြုဆရာက ဆိုပါတယ်။

“လူ့အဖွဲ့အစည်းမှာ အာဏာရှင် မင်းမူနေတာဟာ တိုင်သူပြည်သားက လက်ခံထားလို့ ဖြစ်ပါတယ်။ တိုင်းသူပြည်သား ကလက်မခံဘူးဆိုရင် အာဏာရှင်စနစ်ပျောက်ကွယ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားမှာမို့ ရေရှည်မခံနိုင်ဘူး” တဲ့။

အခုတော့ လူထုကြီးဟာ သမိုင်းမှာ မရှိခဲ့ဖူးတဲ့ တော်လှန်ပုန်ကန်မှုမျိုးနဲ့ ဆန့်ကျင်ခုခံနေတယ်လို့ ခံစားမိပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ အခြေအနေတစ်ခု ဖြစ်မှာပါပဲ။

ရှင်ဘုရင်တွေလက်ထက်မှာတုန်းကလည်း ဘုရင်တွေလုပ်သမျှ ငုံ့ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဘယ်လိုမှကို သည်းမခံနိုင်တော့အခါ ပုန်ကန်မှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဘုရင်ကိုပဲ ပုန်ကန်တာဖြစ်ပြီး ဘုရင်စနစ်ကို ပုန်ကန်တာမဟုတ်ခဲ့ကြပါဘူး။

တကယ်လို့ ပုန်ကန်သူတွေဘက်က အနိုင်ရခဲ့ရင်လည်း ဘုရင်စနစ်ကိုပဲ ဆက်ပြီးကျင့်သုံးခဲ့ကြပါတယ်။

လွတ်လပ်ရေးခေတ်အလွန် ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈ နဲ့ ၂၀၀၇ စတဲ့ နှစ်တွေထဲမှာ အာဏာရှင်ကို ဖြုတ်ချရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ လူထုအများစုရဲ့ ပန်းတိုင်က အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီစနစ်ကျင့်သုံးရေးပါပဲ။ တကယ့်ကိုနည်းပါးတဲ့ လူနည်းစုကသာ အဲဒီထက်ပိုတဲ့ နိုင်ငံတည်ဆောက်ရေးကို လှမ်းမြင်နိုင်ခဲ့ကြပါတယ်။

အခု ၂၀၂၁ အလွန် တော်လှန်မှုဟာ သမိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဘယ်တော်လှန်ရေးနဲ့မှ မတူပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ သာလွန်ကြီးမားပါတယ်။

တစ်နည်းအားဖြင့် လက်ရုံးရည်ရော၊ နှလုံးရည်ရော ပိုပြီးထက်မြတ်လာတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

လက်ရုံးရည်ဆိုတာက တွန်းလှန်ခုခံမှု အင်အားကြီးမားတာ၊ အဲဒါကို ထောက်ပံ့ကူညီမှု အားကောင်းခိုင်မာတာတွေ ဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်းဖြစ်တဲ့ နှလုံးရည်ဆိုတာကတော့ နိုင်ငံတည်ဆောက်မှုကိစ္စနဲ့ပတ်သက်ပြီး ရှုမြင်နားလည်မှုတွေကို ရည်ညွှန်းပါတယ်။ အခုတော်လှန်ရေးမှာပါဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်ဖြုတ်ချရေးဆိုတာမျိုးကို မရည်ရွယ်ကြတော့ပါဘူး။ အာဏာရှင်ပြုတ်ကျသွားပြီးတဲ့အခါ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတာမျိုးတွေအထိ တွေးခေါ်မြော်မြင်နေကြတာကို တွေ့ရပါတယ်။

အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို စိတ်အာရုံနဲ့ ပုံဖော်ကြည့်နိုင်နေကြပါတယ်။ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းကြာရှည် ခုခံတော်လှန်နေမှုတွေ၊ တောင်းဆိုတိုက်ပွဲဝင်နေမှုတွေအပေါ်မှာလည်း တစ်စုံတစ်ရာ နားလည်လက်ခံလာနိုင်ကြတယ်လို့ ယေဘုယျသုံးသပ်နိုင်ပါလိမ့်မယ်။ ပိုပြီးထူးခြားတာက ဗမာဟာလည်း တိုင်းရင်းသားတွေထဲက တိုင်းရင်းသားတစ်ခုသာဖြစ်တယ်လို့ လက်ခံလာကြတာပါ။ ဗမာပြည်နယ် ဒါမှမဟုတ် ဗမာယူနစ် ပေါ်ထွန်းရေးကို အချင်းချင်းစကားဝိုင်းတွေမှာ တိုးတိုးတစ်ဖုံ၊ အခမ်းအနားတွေကျင်းပပြီး ကျယ်ကျယ်တစ်မျိုး ဆွေးနွေးစဉ်းစားလာကြပါပြီ။ ဒါဟာ ကောင်းတဲ့အပြောင်းအလဲပါပဲ။

စာအုပ်ရဲ့တစ်နေရာမှာတော့ ကျမ်းပြုဆရာက အခုလို သုံးသပ်ထားတာကိုတွေ့ရပြန်ပါတယ်။ စိတ်မကောင်းစရာ ဖြစ်ပါတယ်။

“လစ်ဘရယ်ဒီမိုကရေစီ အယူအဆတွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ မျှမျှတတစည်းကမ်းနည်းလမ်း အတိုင်း လုပ်ကိုင်ရေး၊ သင့်လျော်မှန်ကန် ထိုက်တန်စွာဆောင်ရွက်ရေး၊ လူ့သိက္ခာနဲ့ နိုင်ငံသားအခွင့်အရေးကိုလေးစားရေး စတာတွေကို မြန်မာပြည်သားတွေက နားမလည်ကြပါဘူး” တဲ့။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွေတုန်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားမှုက သိပ်မကောင်းခဲ့ပါဘူး။ အာဏာရှင်ကို တော်လှန်ရာမှာ ညီညွတ်တယ်ဆိုပေမဲ့ အာဏာရှိသူနဲ့ ပေါင်းပြီး အသာစီးယူချင်တာ၊ အာဏာရှိသူကို ဝေဖန်တာတွေကိုတော့ အဆိုးမြင်တာတွေဟာ လူထုထဲက မနည်းလှတဲ့ အုပ်စုကြီးထဲမှာ ရှိနေခဲ့ပါတယ်။

“ဘာသာရေးအဖွဲ့ အစည်းဆိုတာကလည်း အာဏာရှင်အစိုးရ စနစ်ကို ကျားကန်ပေးတဲ့ အဆင့်ပဲရှိပါတယ်” လို့ စာရေးသူ ဒေါက်တာမောင်မောင်ကြီးက ဆိုထားပြန်ပါတယ်။

ဒီအချက်ကလည်း နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။

ဘာသာရေးနဲ့ နိုင်ငံရေးကို ပိုင်းခြားပြီး ကျင့်သုံးရမယ်၊ မရောယှက်ရဘူးလို့ အခြေခံဥပမေဒမှာ ပြဋ္ဌာန်းခဲ့ပေမဲ့ ဥပဒေထဲမှာပဲ ခွေအိပ်နေခဲ့ပြီး မြေပြင်ပေါ်ကို ခုန်ဆင်းမလာခဲ့တာကို ပြီးခဲ့တဲ့နှစ်တွေထဲမှာ တွေ့နိုင်ပါတယ်။ ပါးစပ်ကနေ ဘယ်လိုပဲ ပြောနေနေ အရေးကြုံရင် ဘာသာရေးဆရာဆီကို ပြေးကပ်တဲ့ ဓလေ့က အာဏာမသိမ်းမီနှစ်တွေထဲမှာ တွေ့နေခဲ့ရပါတယ်။ အခုစစ်ကောင်စီကတော့ ပိုဆိုးမှာပေါ့။

တစ်ဖက်မှာလည်း ဘာသာရေးဆရာတွေဟာ ရှင်ဘုရင် ဒါမှမဟုတ် အာဏာရှင် ဒါမှမဟုတ် အစိုးရတွေက ဆည်းကပ်ပူဇော်၊ ချီးမြှင့်ဆက်ကပ်လာတာကို သဘောခွေ့ပျော်မွှေ့ကြပြန်ပါတယ်။ သာသနာတော်ကို မင်းအစိုးရတို့က စောင့်ရှောက်ပေးမှသာ အဓွန့်ရှည်မယ်လို့ ခံယူထားတာဟာ ခေတ်ဟောင်းရာဇဝင်တွေထဲကအတိုင်းပါပဲ။ ဒီတော့လည်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်လို့နေပါတော့တယ်။ အကျိုးဆက်ကတော့ ဘာသာရေးနဲ့ နိုင်ငံရေး ဒွေးရောယှက်တင် လုံးထွေးနေတဲ့ အဆိုးကျော့သံသရာကို ဖြစ်စေတာပါပဲ။

သင်ခန်းစာတစ်ခု ရမိတာက ကိုလိုနီခေတ်မှာ အင်္ဂလိပ်အရာရှိတွေကို သာသနာ့ဒါယကာလုပ်ဖို့ သံဃာတော်တချို့က ဆွဲဆောင်ခဲ့တာပါပဲ။ သာသနာတော်ကို ချီးမြှောက်အားပေးပြီး သာသနာ့ဒါယကာအဖြစ် ခံယူမယ်ဆိုရင် ရဟန်းသံဃာတွေအနေနဲ့ အင်္ဂလိပ်အစိုးရကို ထောက်ခံပေးမယ့်အပြင် အများပြည်သူက ထောက်ခံလာအောင် တရားဟောပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ကင်းရှင်းလိုတဲ့ အင်္ဂလိပ်အစိုးရက လက်ခံခဲ့ပါဘူး။

ဒီနေရာမှာ အထူးတွေးနေမိတာက ဘာသာရေးကို နိုင်ငံရေးမှာ ရောယှက်ပါဝင်နေတာကို မကြိုက်ဘူးလို့ ဆိုသူတွေတောင် ကိုယ့်ဘက်ကနေ ဘာသာရေးဆရာတွေ ရပ်တည်ထောက်ခံလာအောင် ကြိုးပမ်းချင်ကြတဲ့ကိစ္စပါပဲ။ တခြားဘက်ကနေ ဘာသာရေးဆရာတွေ ဝင်ရပ်ပေးတဲ့အခါမျိုးမှာ ဘာသာရေးကို နိုင်ငံရေးနဲ့ မရောယှက်ရဘူးလို့ အသံကုန်ဟစ်ပေမဲ့ ကိုယ့်ဘက်ကနေ ရပ်တည်ပေးမယ်ဆိုရင်တော့ မှိန်းလို့ နေတတ်ကြပါတယ်။ တကယ်တော့ ဒါကလည်း အာဏာရှင် ဒါမှမဟုတ် အစိုးရတစ်ရပ်ကို ကျားကန်ပေးဖို့ ဘာသာရေးကို အသုံးချတာပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူလူထုအနေနဲ့ အဲဒီသဘောအမြင်မျိုးတွေ စွန့်လွှတ်နိုင်ကြပါပြီလား။

အတွေးအခေါ်တွေ၊ ဓလေ့နဲ့ ယဉ်ကျေးမှုတွေကို လူထုအကြားမှာ စိမ့်ဝင်ပျံ့နှံ့ပြီး စွဲမြဲတွယ်ကပ်နေအောင်လုပ်ဖို့ဆိုတာက မနည်းလှတဲ့ နှစ်ကာလတွေ လိုအပ်ပါလိမ့်မယ်။ ဒါကလည်း အရိုးထဲအထိ စွဲနေတာကြောင့်ဖြစ်မှာပဲ။

အခုတော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန်ကာလတွေမှာရော မြန်မာ့လူ့ဘောင်အနေနဲ့ အထက်ကပြောတဲ့ အားနည်းချက်တွေကို ပစ်ချထားခဲ့နိုင်ပြီလား၊ ပစ်ချထားခဲ့ဖို့ အဆင်သင့် ရှိနေပါပြီလား။ ဒါမှမဟုတ် အဲဒါအတွက် အခုကတည်းက ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါပြီလား။ ဒီမေးခွန်းတွေကိုတော့ မေးနေမိပါတယ်။

“နိုင်ငံတွေဟာ ကိုယ်နဲ့တန်တဲ့ အစိုးရကိုပဲ ရကြတယ်” ဆိုတဲ့ နိုင်ငံတကာ ပြောရိုးစကားရှိပါတယ်။

မပြေးသော် ကန်ရာရှိ၊ ဒါက ကျနော်တို့ နိုင်ငံမှာ တကယ်ဖြစ်ခဲ့တယ်လို့ပဲ စိတ်မကောင်းစွာပဲ တွေးနေမိပါတယ်။ နောက်ထပ်ရော ဘယ်လို ဖြစ်ကြဦးမှာပါလဲ။ ဘယ်လို ဖြစ်ချင်ကြမှာပါလိမ့်။

မေးခွန်းတွေ ထပ်ပြီး ထွက်လာပြန်ပါတယ်။ လူထုအများစုကြီးဆီမှာ ဓလေ့ဟောင်း၊ ယုံကြည်နားလည်မှုအဟောင်း၊ သိမြင်လက်ခံမှုအဟောင်းတွေကို ဆက်ကိုင်ထားတုန်းပဲလား။ အသစ်သော အစိုးရ၊ အသစ်သော နိုင်ငံတော်ကို ရရှိဖို့ဆိုရင် အဲဒါတွေကို စွန့်လွှတ်ဖို့ မလိုဘူးလား။

သေချာပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်အုပ်စုတည်းကနေ အပြောင်းအလဲကို ကိုယ်ဖြစ်ချင်သလို လုပ်လို့မရနိုင်ပါဘူး။ လုပ်လို့ရခဲ့မယ်ဆိုရင်တောင် ဒါဟာ အာဏာရှင်နောက်ထပ်တစ်မျိုးပါပဲ။

သံယံ