ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3856

ယခုအပတ် ရွှေဈေးမှာ တောက်လျောက်ကျလာပြီး ထိုင်းဘတ်ဈေးလည်း အကျဘက်ရောက်နေ သည်။

ဓာတ်ဆီဈေးမှာ တိုက်လိုက် ကျလိုက်ဖြင့် ဈေးမငြိမ်ဖြစ်နေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ပြည်တွင်းရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်း အတက်အကျရှိခဲ့သည်။

ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်သုံးသိန်းခွဲဝန်းကျင် ဈေးဖွင့်ခဲ့သည်။

ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီး တစ်ဘတ်လျှင်  ကျပ်ဝန်းကျင်ရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၂၃၀၀ ကျပ်ဝန်းကျင်တွင် အတက်အကျဖြစ်နေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၉၀ ကျပ်မှ ၂၃၆၀ ကျပ်အကြား ဈေးဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ  ၃၇၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အကျဘက်တွင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကျဆင်းစေရန်ဟုဆိုကာ ကုန်သည်များကို ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

ထိုကြောင့် ရွှေအပါအဝင် ဒေါ်လာလဲနှုန်းမှာ အကျဘက်တွင် ဆက်ရှိနေမည့် သဘောဖြစ်သည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ် ဝန်းကျင် ဈေးဖွင့်ထားပြီး ကျရိပ်ပြနေသည်။

ယင်းအခြေအနေတွင် ကမ္ဘာ့ရွှေဈေးလည်း ဆက်တိုက်ကျနေပြီး တစ်အောင်စလျှင် ၁၈၄၉ ဒေါ်လာ ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ်ကမူ ၁၉၂၅ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ဆက်ကျလာနိုင်ကြောင်း သုံးသပ်ရသည်။

ဘတ်ဈေးမှာ ပြည်တွင်းဒေါ်လာပေါက်ဈေး၊ ရွှေဈေးနှင့် ကုန်သွယ်ရေး စသည့်အချက်များအပေါ် မှီတည်နေသည်။

ထို့အပြင် ယခုအပတ်က ထိုင်းရောက်ရွေ့ပြောင်းလုပ်သားများ လစာထုတ်ကာလဖြစ်ပြီး ဇာတိမြေသို့ ငွေပြန်လွှဲသူများသည့် အချိန်ဖြစ်သည်။

ထိုကြောင့် ဘတ်ငွေရောင်းလိုအားများပြီး ဈေးကျလာနိုင်သည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ ကျရိပ်ပြနေသည့်အပြင် စစ်ကောင်စီက ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ထိုကြောင့်လာမည့်အပတ်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၀၀ ကျပ်ဝန်းကျင်ဖြင့်ပင် ဈေးဖွင့်နေမည်ဖြစ်သည်။