လူထု အောင့်လုံး

0
1568

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု လပေါင်း ၃၀ ကျော်လာချိန်တွင် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများမှာ ပိုမိုပြင်းထန်လာနေသည်။

လက်နက်ကိုင်အဖွဲ့များမှာ ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီကို တော်လှန်နေကြခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်အဖွဲ့ အများအပြားရှိနေသည်။

တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

ယင်းတော်လှန်ရေး အင်အားစုများတွင် NUG ကထူထောင်သော ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းတပ်ဖွဲ့ (PDF) များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့(LDF) များနှင့် မြေပြင်ပြောက်ကျားအင်အားစု(STF)များ ဟူ၍လည်း အစုအဖွဲ့အသီးသီးရှိနေသည်။

လက်နက်ကိုင် တော်လှန်ရေးဖြစ်သည်နှင့်အညီ အဖွဲ့အစည်းအချင်းချင်း၊ အဖွဲ့အစည်းနှင့်ပြည်သူ စသဖြင့် အင်အားစုများအကြား ပွတ်တိုက်မှုများလည်း ရှိလာနေသည်။

တနင်္သာရီတိုင်းတွင်လည်း အလားတူပွတ်တိုက်မှုများမှာ ပိုမိုဖြစ်ပေါ်လာနေပြီး တော်လှန်ရေးအဖွဲ့အချို့နှင့် ပြည်သူအချို့အကြားတွင်လည်း အမြင်မတူမှုများရှိနေသည်။

တနင်္သာရီပုံရိပ်အစီအစဉ်သည် ပြည်သူ့အသံကို အလေးထား ဖော်ပြလျက်ရှိသည်နှင့် အမျှ လူထုပေါ် သက်ရောက်မှု ကြီးလာသော အခြေအနေကို ထင်ဟပ်နိုင်ရန် အလေးထားပါသည်။

ထိုကြောင့် လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးအုပ်စု အချို့အပေါ် လူထုအမြင်ကို ဆဝါးနိုင်ရန် စပ်ဆိုင်သော သူအချို့၏ အမြင်ကို မေးမြန်းတင်ဆက်ထားပါသည်။

“အချင်းချင်းညှိုနှိုင်းပြီးလုပ်စေချင်တယ်”

သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦး

DW ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် ဒေသခံတွေရဲအမြင် ဘယ်လိုရှိလဲ။

ဖြေ ။ အရင်လိုသဟဇာတာသိပ်မဖြစ်တော့ဘူး။ အရင်ကဆိုရင် အားလုံးကသူတို့ဘာပဲလုပ်လုပ် အရမ်းကိုလက်ခံကြတယ်လေ။ အခုဆိုတာနဲ့ သိပ်ပြီးအမြင်မကြည်ကြတော့ဘူး။

DW ။ ဘာဖြစ်လို့ အမြင်မကြည်ဘဲဖြစ်ကြတာလဲ။

ဖြေ ။ ဘာဖြစ်လို့လဲဆို စစ်ကြောင်းထိုးရင်တစ်ရွာလုံး၊ တစ်ရပ်လုံးထွက်ပြေးကြရတယ်လေ။ ရွာမှာလူမရှိဘူးဆိုရင် သူခိုးတွေသောင်းကြမ်းတယ်။ အဲဒီသူခိုးတွေရဲ့ရန်ကိုတောင်သူတို့( ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ)က မကာကွယ်ပေးနိုင်ဘူး။ တစ်ချို့ဆို အဲဒီသူခိုးတွေနဲ့တောင် ပေါင်းစားနေတယ်လို့ ပြောနေကြသေးတယ်။ ပြီးရင် (စစ်ကောင်စီကို) တိုက်မယ်ဆိုလည်း ထိထိရောက်ရောက် တိုက်တာမဟုတ်ဘူး။ ‌အခုက တော်လှန်ရေးအဖွဲ့တွေကိုယ်တိုင်က မကောင်းတဲ့သူတွေနဲ့ လာဘ်ပေးလာဘ်ယူပုံစံမျိုး ပေါင်းစားနေကြတာတွေရှိတယ်။ တော်လှန်ရေးအဖွဲ့အားလုံးကိုတော့ မဆိုလိုဘူး။ အဖွဲ့အစည်းတွေကြားမှာလည်း ကောင်းတဲ့အဖွဲ့ရှိတယ်။ မကောင်းတဲ့အဖွဲ့လည်းရှိတယ်။ ခေါင်းတစ်ရာသား၊ မတစ်ရာသားတွေဖြစ်နေကြတာကိုး။

DW ။ ပြည်သူတွေရှိတာက ပြည်သူတွေကိုထိခိုက်အောင် လုပ်တာတွေရှိလား။

ဖြေ ။ အဲလိုမျိုးတော့မရှိဘူး။ ဒါပေမဲ့သူတို့က ပြည်သူကို အကာကွယ်မပေးနိုင်ကြဘူး။ အခုရွာထဲမှာ စစ်ကောင်စီကတပ်စွဲထားတယ်။ ပြည်သူတွေရွာထဲမဝင်ရဲဘူး။ သွားတိုက်ပါလား။ အဲလိုမျိုးလည်း ထိထိရောက်ရောက်မလုပ်ဘူး။ ထိရောက်ရောက်မဖြစ်တာကလည်း သူတို့အချင်းချင်းကြားမှာ မညီညွတ်တာတွေရှိတယ်။ တစ်ချို့ကတိုက်မယ်။ တစ်ချို့ကမတိုက်ဘူး။ သူတို့အချင်းချင်းတောင် စည်းလုံးမှုမရှိတာ ပြည်သူကို ဘယ်လိုကာကွယ်ပေးတော့မလဲ။ အရင်ကသူတို့ကို ထမင်းချက်ဘာညာ လုပ်ပေးနေတဲ့သူတွေတောင် မလုံခြုံတော့လို့ ထိုင်းကိုထွက်သွားကြပြီ။ ကိုယ်တိုင်မလုံခြုံဘဲနဲ့ သူတို့ကိုပြည်သူတွေက ဘယ်လိုထောက်ပံ့နိုင်မှာလဲ။

DW ။ ဒီလိုမျိုး အချင်းချင်းမညီညွတ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဘာပြောချင်တာရှိလဲ။

ဖြေ ။ သူတို့မညီညွတ်တာကို ညီညွတ်အောင် လုပ်စေချင်တယ်။ အခုဆို ရွာသားတွေက စစ်တပ်ကိုပိုက်ဆံပေးပြီး ရွာထဲဝင်နေနေရတယ်။ အိမ်တစ်ဆောင် တစ်သောင်းတွေ ဘာတွေပေးပြီး ဝင်နေနေရတယ်။ အရင်ကအဲလိုမျိူးမဟုတ်ဘူးလေ။ စစ်တပ်ကိုကြောက်နေစရာတောင် မလိုဘူးလေ။ ပြည်သူတွေက သူတို့ကိုကျွေးထားရတာ။ ထိရောက်မှုရှိအောင် လုပ်စေချင်တယ်။ တူးမီးကနေ မောင်းပြန်ဖြစ်လာအောင် ပြည်သူတွေပဲ ထောက်ပံ့ပေးထားတာလေ။ ခက်ကတာ အချင်းချင်းက မညီညွတ်ကြဘူး။ တော်တော်လေး စိတ်ပျက်လာတယ်။ အခုပိုက်ဆံပေးပြီး ရွာထဲဝင်နေကြတဲ့သူတွေလည်း အေးဆေးမနေရဘူး။ ရွာထဲက ဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာပစ်ရင် တိုက်ပွဲဖြစ်ရင် ထွက်ပြေးရပြန်တော့မယ်။ အဲတော့ လူတွေစိတ်ထဲမှာ ခဏခဏပြေးနေရတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လာမပစ်ပါစေနဲ့တော့ဆိုပြီးဖြစ်လာကြတယ်။ အမြင်စောင်းလာကြတယ်။ သူတို့ကလည်း သူတို့ပဲ။ လုပ်စရာရှိတာ ထိထိရောက်ရောက် လုပ်စေချင်တယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အချင်းချင်းညှိုနှိုင်းပြီးလုပ်စေချင်တယ်။ ဟိုတစ်လောက မူးယစ်ဆေးကိစ္စ ပိုက်ဆံ ၃၅ သိန်းတောင်းတယ်ဆိုတာကြားရတယ်။ ဘယ်အဖွဲ့ကတောင်းမှန်း သေသေချာချာမသိဘူး။ သူတို့ကလည်း ဘယ်အဖွဲ့ကတောင်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြည်သူကိုမပြောပြဘူး။ အဖွဲ့ငါးဖွဲ့ရှိရင် ငါးဖွဲ့လုံးညှိကြ။ လုပ်ကြစေချင်တယ်။ အခုက သူတို့အချင်းချင်းမညီညွတ်တာက ဘယ်သူအထိနာလဲဆို ပြည်သူပဲအထိနားတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အချင်းချင်းမညီညွတ်တဲ့ သတင်းကြားရတာက ပြည်သူတွေ စိတ်ဓာတ်ပျက်ပြားစေတဲ့ သဘောမျိုးရှိတယ်”

ထားဝယ်မြို့ခံတစ်ဦး

DW ။ ခုခံစစ် နှစ်နှစ်ကျော်အကြာလာတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးသမားတွေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ တော်လှန်ရေးအဖွဲ့တွေ ဖောင်းပွတဲ့ပြဿနာ။ NUG လက်အောက်မှာနေပြန်လည်း NUG ကအပြည့်အဝမပေးနိုင်။ အဲကနေ အဖွဲ့တွေ ကိုယ့်ဘာသာရပ်တည်လာကြတဲ့အခါ စားဝတ်နေရေးအတွက် ရံပုံငွေရှာလာရတာတွေရှိတော့ မလုပ်သင့်တာတွေ လျှောက်လုပ်လာကြတာတွေရှိတယ်ပေါ့။

နေက်တစ်ခုက NUG လက်အောက်မှာသော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုခု လက်အောက်မှာသော်လည်းကောင်း မရှိဘူးဆိုရင် စနစ်ကျတဲ့အဖွဲ့တွေ ဖြစ်လာမှာမဟုတ်ဘူး။ သင်တန်းတွေ သေချာမတက်ရဘူးဆိုရင် COC တွေ၊ လိုက်နာရမယ့်ကျင့်ဝတ်တွေ မသိတော့ဘူးဆိုရင် စိတ်ကူးတည့်ရာ လျှောက်လုပ်လာကြလိမ့်မယ်။

DW ။ ပြည်သူ့ထောက်ခံမှုအပိုင်းကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ပြည်သူတွေက တော်လှန်ရေးအစပိုင်းကာလတွေတုန်းကလောက် မထောက်ပံ့နိုင်ကြတော့ဘူး။ အစတုန်းကတော့ သုံးလေးလအတွင်းမှာ ‌တော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့အတွေးနဲ့ မျှော်လင့်ချက်ထားတဲ့ ပြည်သူတွေလည်း ရှိကောင်းရှိမယ်ပေါ့။ ရေရှည်လာတဲ့အခါကျတော့ အချင်းချင်း ညီညွတ်မှုမရှိတာတွေရှိလာတာကိုး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အချင်းချင်းမညီညွတ်တဲ့ သတင်းကြားရတာက ပြည်သူတွေ စိတ်ဓာတ်ပျက်ပြားစေတဲ့ သဘောမျိုးရှိတယ်။

နောက်တစ်ခုက ကျောင်းဆရာမတွေကိုရိုက်နှက်တာတွေက မဖြစ်သင့်ဘူးဆိုတဲ့အမြင်တွေ ရှိကြတယ်။ နောက်တစ်ခုက ရွာထဲဝင်ဝင်ပြီး သေနတ်ပစ်တာတွေ။ သူတို့ကတော့ ရွာထဲဆယ်ရာခိုင်နှုန်းလောက်‌ရှိတဲ့ ပြည်သူတွေ( စစ်ကောင်စီအားပေးသည့်ပြည်သူတွေ) ကြောက်အောင်ဆိုပြီးလုပ်တာပဲ။ ကျန်ကိုးဆယ်ရာခိုင်းနူန်းကပါ ထိတ်လန့်သွားတယ်။ အဲထဲမှာ အသက်ကြီးရွယ်အိုတွေ၊ ကလေးတွေပါနေမယ်ဆိုရင် ကလေးတွေစိတ်ဓာတ်ဒဏ်ရာရမှာတွေနဲ့ သူတို့ဖြစ်ချင်တာနဲ့ ချိန်ဆလိုက်ရင် မတန်ဘူးပေါ့လေ။

DW ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ဘယ်လိုပြုမူဆက်ဆံသင့်လဲ။

ဖြေ ။ ပြည်သူတွေကို မေတ္တာတရားနဲ့အုပ်ချုပ်သင့်တယ်။ အာဏာပါဝါနဲ့အုပ်ချုပ်တာမျိူး မလုပ်သင့်ဘူး။ ပြီးတော့ စီးပွားရေးနဲ့ ပညာရေးမှာသည် အချိန်ကြာလာတာနဲ့အမျှ အထိနာလာနေပြီ။ ပြည်သူတွေ စီးပွားရေးလုပ်နေတာနဲ့ပတ်သက်ပြီး မျက်ကွယ်ပြုသင့်တာ ပြုပေးရမယ်။ ပညာရေးဆိုလည်းအတူတူပဲ မျက်ကွယ်ပြုပေးသင့်တယ်။ ပြည်သူတွေကို စည်းရုံးရေးနည်းလမ်းနဲ့ မေတ္တာတရားကိုအခြေခံပြီး သွားမယ်ဆိုရင်တော့ ပြည်သူထောက်ခံမှုပိုရလာလိမ့်မယ်လို့မြင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပွတ်တိုက်မှုတွေက တော်လှန်ရေးအဖွဲ့ကြားမှာတော့ ပြဿနာမဟုတ်ပေမယ့် ပြည်သူတွေကြားမှာတော့ အဲဒါကပြဿနာ”

မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်တစ်ဦး

DW ။ လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာ လက်နက်ကိုင် တော်လှန်ရေးသမားတွေအပေါ် ပြည်သူတွေဘယ်လိုမျိုးမြင်လာကြတာရှိလဲ။

ဖြေ ။ အချက်အလက် ကောက်ယူထားတာမရှိတော့ တိတိကျကျပြောဖို့တော့ခက်တယ်။ ဒါပေမဲ့ သုံးသပ်မိတာတော့ရှိတယ်။ လက်နက်ကိုင်တော်လှန်ရေး စဖွဲ့တုန်းကတော့သေချာတယ် လူထုထောက်ခံမှုက ကိုးဆယ်ရာခိုင်နူန်းလောက်ရှိတယ်။ ဒါပေမဲ့နောက်ပိုင်းကာလတွေမှာတော့ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ကြားထဲမှာ ပွတ်တိုက်မှုတွေလည်း ရှိတဲ့အခါကျတော့ အခုချိန်မှာ လူထုထောက်ခံမှု ဘယ်လောက်ရှိလဲဆိုတာက စပြီးဖွဲ့တဲ့အချိန်ကထက်‌တော့ လျှော့လာတယ်လို့ သုံးသပ်မိတယ်။ နောက်ပိုင်းမြေပြင်ကလူတွေဆီကနေကြားရတာက ငါတို့က နှစ်ဖက်စလုံးကို ကြောက်နေရတယ်ဆိုတဲ့ အနေအထားတွေ ကြားလာရတာပေါ့။ အဲဒါကလည်း ဒီအတိုင်းပြောတဲ့စကားမဟုတ်ဘူး။ လူတွေဆီကနေ ပြန်ကြားရတဲ့ စကားဖြစ်တယ်။

DW ။ ဘာကြောင့် လူထုထောက်ခံမှု လျော့နည်းလာရတာလဲ။

ဖြေ ။ တော်လှန်ရေးအင်းအားစု အချင်းချင်းကြားထဲက ပွတ်တိုက်မှုကတစ်ခု၊ လူတွေက အင်းအားစုတွေစည်းလုံးနေတာ၊ ညီညွတ်နေတာပဲမြင်ချင်တာ။ အဲဒါတွေကြည့်ပြီး ပါဝင်ရမယ့်အားပိုပြီးရှိလာစေတယ်။ အချင်းချင်းကြားထဲမှာ ပွတ်တိုက်မှုတွေ၊ သွေးကွဲမှုတွေ၊ မညီညွတ်မှုတွေဖြစ်နေရင် စိတ်ခံစားမှုဖြစ်ပြီး လူထုထောက်ခံမှု ကျဆင်းလာစေတယ်။ ပွတ်တိုက်မှုတွေက တော်လှန်ရေးအဖွဲ့ကြားမှာတော့ ပြဿနာမဟုတ်ပေမယ့် ပြည်သူတွေကြားမှာတော့ အဲဒါကပြဿနာ။

နောက်တစ်ခုက လက်နက်ကိုင်အင်အားစုတွေ ပြည်သူနဲ့ထိတွေ့ ဆက်ဆံတဲ့အချိန်မှာလည်း အရေးကြီးတယ်။ ပြည်သူနဲ့ဆက်ဆံရမယ့် စည်းမျဉ်းတွေကို လိုက်နာမှုအားနည်းမယ်။ စာရွက်ပေါ်မှာပဲထားထားမယ်။ လက်တွေ့မကျင့်သုံးနိုင်ဘူး။ ဒါတွေကလည်း လူထုထောက်ခံမှုကျလာစေတဲ့ အကြောင်းရင်းထဲက တစ်ခုဖြစ်တယ်လို့ မြင်တယ်။

DW ။ လက်နက်ကိုင် တော်လှန်ရေးသမားတွေ ပြည်သူနဲ့ထိတွေ့ဆက်ဆံရာမှာ အခြေခံကျဆုံးအရာတွေက ဘာတွေဖြစ်မလဲ။

ဖြေ ။ အခြေခံကျဆုံးအရာကတော့ ပြည်သူလူထုပိုင်ဆိုင်တဲ့ အပ်တစ်ချောင်းကိုတောင်မှ ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲခွင့်မရှိဘူးဆိုတာက အခြေခံကျဆုံးဖြစ်တယ်။ ကျန်တဲ့အကြီးကြီး ပြောမယ်ဆိုရင်တော့ အများကြီးရှိတာပေါ့။

DW ။ ပြည်သူကို မျက်နှာမမူတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေကိုရော ဘယ်လိုမှတ်ချက်ပေးချင်တာရှိလဲ။

ဖြေ ။ လက်နက်ကိုင်အဖွဲ့တွေတိုင်းမှာ နိုင်ငံရေးအရ ဦးဆောင်နိုင်မယ့် အစုအဖွဲ့တွေရှိဖို့ လိုအပ်တယ်။ ဒုတိယတစ်ချက်ကတော့ လူထုသည် ဘယ်အဖွဲ့က ဆိုတာမျိုးမသိကြဘူး။ PDF ဆိုတာပဲသူတို့သိကြတယ်။ အဲဒါကြောင့် ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို လူထုကိုအသိပေးထားဖို့ လိုအပ်တယ်။ လူထုက အဖွဲ့အစည်းတွေအကြောင်းကို သိထားခြင်းအားဖြင့် ဘယ်အဖွဲ့ဆိုတာမျိုး နာမည်တပ်ပြီးပြောလို့ရတယ်။ တော်လှန်ရေးလုပ်တဲ့အချိန်မှာ စစ်တိုက်တာတစ်ခုတည်း လုပ်လို့မရဘူး။ နိုင်ငံရေးဦးဆောင်မှုလိုအပ်တယ်။ နိုင်ငံရေးဦးဆောင်မှုအားနည်းလို့ပဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေကင်းကွာသလို ဖြစ်လာတဲ့ဟာတွေကလည်း သွားပြီးသက်ရောက်မှုတွေ ရှိလာတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ရှေ့တန်းထွက်‌တဲ့အခါတိုင်း ပြည်သူတွေ ထောက်ခံအားပေးတာကို အပြည့်အဝရရှိထားတယ်”

အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး

DW ။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအချို့ ပြည်သူတွေအပေါ် အာဏာရှင်ဆန်လာတယ်လို့ ဝေဖန်နေကြတဲ့အပေါ် ဘာ‌ပြောချင်တာရှိလဲ။

ဖြေ ။ အဲဒါအရမ်းအခံရအခက်ဆုံးပေါ့။ ဝမ်းလည်းနည်းမိတယ်။ လုပ်နေတာက လက်တစ်ဆုပ်စာပဲရှိတယ်။ အဲဒါကိုဝါးလုံးအရှည်ကြီးနဲ့ အကုန်သိမ်းကြုံး အပြောခံရတာကိုပေါ့။ ငါတို့ဆို ရှေ့တန်းထွက်‌တဲ့အခါတိုင်း ပြည်သူတွေ ထောက်ခံအားပေးတာကို အပြည့်အဝရရှိထားတယ်။ ပြည်သူတွေက စေတနာနဲ့လာကျွေးတယ်။ ကိုယ့်မှာရှိတာလည်းပြန်မျှခဲ့တယ်။ တကယ်တော်လှန်ရေးကို မျက်နှာမူပြီး ဘုံရန်သူဖြစ်တဲ့ စစ်ကာင်စီကို လုပ်(တိုက်)နေတဲ့အဖွဲ့တွေက များပါတယ်။

DW ။ တော်လှန်ရေးအဖွဲ့တစ်ချို့ အာဏာရှင်ဆန်လာတယ်ဆိုတဲ့ အပေါ်မှာရော။

ဖြေ ။ အမှန်တိုင်းပြောရရင်တော့ ရှိ‌တယ်။ ခုဏကပြောသလို လက်တစ်ဆုပ်စာ လောက်ပဲရှိတာပါ။ ငါဆိုအမြဲတမ်းပြောတယ်။ အာဏာရှင်စနစ်ကို တော်လှန်ပါတယ်ဆိုမှ အာဏာရှင်လက်သစ်တွေနဲ့ လာတိုးနေရတယ်လို့။ အဲကြောင့်ငါ့ကိုဘယ်အဖွဲ့ကလဲ‌ဆိုတာ မမေးနဲ့လို့ မကြိုက်ရင်အဲအဖွဲ့ကနေ ထွက်တဲ့သူမျိုး။

DW ။ ထားဝယ်အရှေ့တောဘက်မှာဆိုရင် ပြည်သူတွေဆီက ‌ဆက်ကြေးကောက်တာမျိုးတွေ ပါကြားလာရတယ်။ အဲဒါကရောတကယ်လား။

ဖြေ ။ ကြားနေရတာပေါ့လေ။ ဘယ်အဖွဲ့ကလည်းဆိုတာတော့ မပြောပါရစေနဲ့။ ငါတို့ဆိုဆွေးနွေးပွဲတွေမှာ အဲဒီအကြောင်းတွေပြောတာရှိတယ်။ နှစ်သောင်းတန်ကိစ္စဆိုလည်း အဲဒီလိုမထုတ်ပြန်သင့်ဘူးပေါ့။ အရက်ဘီယာတွေဆိုလည်း မဖျက်ဆီးနဲ့ သတိပေးပြီးလွှတ်လိုက်။ နောက်တစ်ခါထပ်လုပ်ရင်တော့ ကြိုက်သလိုလုပ် အဲဒါတွေပြောကြတာရှိတယ်။ ဒါပေမဲ့ အခုထိလည်း ဒါတွေကရှိနေကြသေးတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။