တော်လှန်ရေးအယောင်ဆောင် ငွေလိမ်အလှူခံတာတွေ သတိပြုပါ

0
1740

ဆိုရှယ်မီဒီယာပေါ်မှာ အကောင့်တု၊ ပေ့ခ်ျ (Page) အတု ဖန်တီးလိမ်လည်တာတွေ အရမ်းပေါလာပါတယ်။ အဲဒီအထဲမှာ တော်လှန်ရေးသမား အယောင်ဆောင်လိမ်လည်တာတွေလည်း ပါဝင်ပါတယ်။

အယောင်ဆောင်သမားတွေ လိမ်လည်နေတဲ့ တိုင်းအတွင်းက အခြေအနေတွေကို အချက်အလက် စိစစ်ဖော်ပြ ပေးလိုက်ပါတယ်။

နာမည်နဲ့ ဓာတ်ပုံတွေ ခိုးယူအသုံးချတယ်။

တော်လှန်ရေးအဖွဲ့တွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားမှုတွေကို အကောင့်တု၊ ပေ့ခ်ျအတုတွေမှာ ကူးယူ ဖော်ပြပြီး လူတွေယုံကြည်လာအောင်လုပ်ပြီးတော့ ငွေကြေးအလှူခံ လိမ်လည်တာတွေ လုပ်ဆောင်နေကြတာပါ။

ငွေကြေးလိမ်လည်အလှူခံမယ့်သူဟာ မြေပြင်မှာ တော်လှန်ရေးအတွက် အမှန်တကယ်အလုပ်လုပ်နေတဲ့ တော်လှန် ရေးတပ်ဖွဲ့၊ တော်လှန်ရေးရဲဘော်၊ ထောက်ပို့တပ်သားတွေရဲ့ Facebook အကောင့်တွေနဲ့ နာမည်တူ ပုံစံတူအောင် ဆင်တူယိုးမှား အကောင့်တု ပေ့ခ်ျအတု ဖန်တီးလေ့ရှိပါတယ်။

တော်လှန်ရေးအဖွဲ့တွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ တရားဝင် အကောင့်၊ ပေ့ခ်ျတွေမှာ ဖော်ပြတဲ့ တော်လှန်ရေး အတွက် လှုပ်ရှားမှုတွေကို အကောင့်တု၊ ပေ့ခ်ျအတုမှာ ကူးယူဖော်ပြပြီး သူတို့ကို လူတွေယုံကြည်လာအောင် လုပ်ပါတယ်။

ပြီးရင် တော်လှန်ရေးအတွက် အလှူငွေကောက်ခံတယ်ဆိုပြီး လိမ်လည်အလှူခံတဲ့ “ဂျင်းပိုစ့်” တွေ တောက်လျှောက် တင်လေ့ရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ် (၃) ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ရဲမေတစ်ဦးရဲ့ အကောင့်ကိုလည်း အဲဒီပုံစံအတိုင်း အကောင့်တုဖန်တီး လိမ်လည်အလှူခံထားတာ တွေ့ရပါတယ်။

ကာယကံရှင် ရဲမေကိုယ်တိုင်က ထုတ်ဖော်ရေးသား အသိပေးထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူဖြစ်စဉ်တွေ

မြိတ်ခရိုင် ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဟာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံခဲ့ဖူးပါတယ်။

ဗိုလ်မိုးကြိုးအဖွဲဲ႕ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ “ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့” မှာ ဖော်ပြတဲ့ တော်လှန်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဒဏ်ရာရ ရဲဘော်တွေရဲ့ ပုံတွေကို ကူးယူပြီး လိမ်လည်သူတွေဟာ နာမည်ဆင်တု ပေ့ခ်ျအတုမှာ တင်ပါတယ်။

နောက်ပိုင်းမှာ ဒဏ်ရာရရဲဘော်ပုံတွေကို အသုံးချပြီး ငွေကြေးလိမ်လည်အလှူခံတာတွေလုပ်လာပါတယ်။

ဒဏ်ရာ စစ်သည်တွေရဲ့ ပုံတွေကို အသုံးချပြီး အလှူခံတာ လုံးဝမရှိဘူးလို့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်မှာ ဗိုလ်မိုးကြိုးအဖွဲ့က ထုတ်ပြန်ရှင်းလင်းခဲ့တဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Dawei Watch သတင်းဌာနက ရေးသားဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ ၂၀၂၃ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ နာမည်အသုံးချ ငွေကြေးလိမ်လည်အလှူခံတဲ့ဖြစ်ရပ်ပါ။

“ငါချစ်သောနင် နင်မချစ်သောငါ” Facebook အကောင့်နာမည်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အယောင်ဆောင်ပြီး ပြည်သူတွေဆီကနေ ငွေကြေးအလှူခံခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာတော့ ငွေကြေးလိမ်လည်သူ လူငယ်တစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ငွေလှူသူတွေ ရှိနေတဲ့အကြောင်းလည်း လိမ်လည်သူ လူငယ်က ဝန်ခံထားတဲ့ ရုပ်သံ
မှတ်တမ်းကိုပွဲ တွဲတင်ထားတဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Dawei Watch က ရေးသားထားတဲ့ သတင်းကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာလည်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့ဝင်နာမည်တွေအသုံးပြုပြီး ငွေကြေးလိမ်လည် အလှူခံတာ နောက်ထပ်တစ်ကြိမ်ဖြစ်ပွားပါသေးတယ်။

ဒီတစ်ခါမှာတော့ ပြည်သူ့ကာကွယ်ရေးရဲဘော်ရဲ့ Facebook အကောင့်ကို ဟက်ပြီး အဲဒီအကောင့်နဲ့ ငွေလိမ် အလှူခံတာပါ။

အဲဒီလို လိမ်လည်အလှူခံနေတာကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သတိပေးခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

မြေပြင်မှာလည်း အယောင်ဆောင် လိမ်လည်နေကြတယ်။

တော်လှန်ရေးသမားအယောင်ဆောင် ငွေကြေးလိမ်လည်ကောင်ခံတာကို Facebook လူမူကွန်ရက်ကနေ အကောင့်တုတွေနဲ့ လုပ်နေကြသလိုမျိုး မြေပြင်မှာလည်း လုပ်ဆောင်နေကြပါတယ်။

ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နာမည်သုံးပြီး အဖွဲ့အစည်းတစ်ခုက ပြည်သူတွေဆီ ဖုန်းဆက်ခြိမ်းခြောက် တောင်းခံတာတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့တာပါ။

ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့‌အနေနဲ့ ပြည်သူတွေဆီမှာ ငွေကြေးတောင်းခံတာ မရှိသလို ခြိမ်းခြောက်ငွေ တောင်းခံနေသူတွေဟာလည်း သူတို့အဖွဲ့ဝင်တွေ မဟုတ်တဲ့အကြောင်း ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch သတင်းဌာနက ရေးသားပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၅ရက်နေ့က ဖော်ပြထားတဲ့သတင်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့‌ရဲ့ ထုတ်ပြန်ရှင်းလင်းချက်ကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ကော့သောင်း-မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာလည်း ခရီးသည်တင်ကားတွေမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့အမည်ခံပြီး ငွေကြေးကောက်ခံတာတွေရှိပါတယ်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလောပြည့်သူ့ကာကွယ်ရေးအဖွဲ့က သူတို့အနေနဲ့ ပြည်သူတွေအပေါ် ငွေကြေး ကောက်ခံတာ မရှိဘူးလို့ ထုတ်ပြန်ရှင်းလင်းထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလိမ်ခံရတဲ့ပြည်သူတွေ။

တော်လှန်ရေးသမားအယောင်ဆောင်ပြီး လိမ်လည်အလှူကောက်ခံတာကို တကယ်ထင်ပြီး အလှူငွေ ထည့်ဝင် လိုက်တဲ့သူတွေ တကယ်ရှိပါတယ်။

ငွေအလိမ်ခံရဖူးတဲ့ ထားဝယ်ဒေသခံတစ်ဦးက သူကြုံတွေ့ခဲ့ရတာကို အခုလိုပြောပြပါတယ်။

ထားဝယ်အရှေ့တောနယ်မှာ တာဝန်ထမ်းဆောင်ဖူးပြီး လတ်တလော KNU တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲဝင် နေတယ်ဆိုပြီးတော့ ထားဝယ်သားတစ်ဦးက Facebook မက်ဆင်ဂျာကနေ ငွေလာအလှူခံတယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွက် ကျည်ဆန်ဖိုးလိုနေလို့ အလှူငွေထည့်ဝင်ဖို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

လာအလှူခံသူရဲ့ Facebook အကောင့်မှာလည်း သူ့ကိုယုံကြည်အောင် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆိုင်တဲ့ ပိုစ့်တွေ တင်ထားတယ်လို့ဆိုပါတယ်။

လှူဖို့ဆုံးဖြတ်လိုက်ပြီးမှ သံသယဝင်လာလို့ လာအလှူခံသူရဲ့နာမည်ကို စုံစမ်းကြည့်တဲ့အခါ တော်လှန်ရေးသမား ဟန်ဆောင်ပြီး လိုက်လိမ်နေသူမှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီနာမည်နဲ့ အလှူခံတာ တော်တော်များများပါသွားကြတယ်” လို့ ထားဝယ်ဒေသခံက ပြောဆိုပါတယ်။

တိုင်ကြားပါ။ တိုက်ဆိုင်စိစစ်ပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ခံပြီး ပုံစံအမျိုးမျိုးနဲ့ ငွေကြေးလိမ်လည်ကောက်ခံနေတာဟာ တော်လှန်ရေးကို ပုံဖျက်ချင်လို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူတွေကြား သွေးကွဲစေဖို့ ရည်ရွယ်လုပ်ဆောငတာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။

ဒီလိုမျိုး ငွေကြေးလိမ်လည်တာတွေကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဆီ ဆက်သွယ် တိုင်ကြားကြဖို့လည်း ငွေလိမ်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေမှာ ထည့်သွင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စတဲ့ အဖွဲ့အစည်းပေါင်း ၆၀ ‌လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေ ဟုတ် မဟုတ် တိုက်ဆိုင်စစ်ဆေးနိုင်အောင် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စုစည်းထုတ်ပြန်ထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တရာဝင် Facebook Page တွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ဒီစာရင်းထဲ မပါတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ရှိနိုင်ပါတယ်။

အယုံမလွယ်ပါနဲ့။

ဒါကြောင့် အွန်လိုင်းပေါ်မှာတွေ့တဲ့ ငွေကြေးအလှူခံတာတွေကို အလွယ်တကူ မယုံကြဘဲနဲ့ သေချာစိစစ်ကြဖို့ အရေးကြီးပါတယ်။

အွန်လိုင်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ အယောင်ဆောင်လိမ်လည်နေတာကို ပြည်သူတွေ သတိပြုရှောင်ရှားနိုင်ဖို့၊ အယုံမလွယ်ကြဖို့ အကြံပြုလိုက်ပါတယ်။ သံသယဖြစ်စရာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီတာ၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ဖော်ပြထားတာတွေကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။