တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1243

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ

ဘရာဇီးမှာ လေယာဉ်မတော်တဆမှုကြောင့် လူ ၁၄ ဦး သေဆုံး

ဘရာဇီးနိုင်ငံ အမေဇုန်းနားပြည်နယ်က ခရီးသွားတွေများတဲ့ ဘားစလိုမြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က လေယာဉ်ငယ်တစ်စီး မတော်တဆဖြစ်ခဲ့ပါတယ်။

မတော်တဆမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ၁၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ဒီလေယာဉ်ငယ်ဟာ မြို့အနီးကို ချဉ်းကပ်လာချိန် မိုးသည်းထန်နေတာပါ။

ဒါကြောင့် မြင်ကွင်းမကြည်မလင်ဖြစ်ခဲ့ပြီး လေယာဉ်ပြေးလမ်းတစ်ဝက်မှာမှ စတင်ဆင်းသက်ခဲ့တဲ့အတွက် လမ်းကြောင်းကိုလွန်ကာ တိုက်မိခဲ့တာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

အမေရိကန်နဲ့ အီရန် အကျဉ်းသားလဲလှယ်

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့က စက်တင်ဘာလ ၁၈ ရက်နေ့မှာ အကျဉ်းသား ၅ ဦးစီ လဲလှယ်ခဲ့ကြပါတယ်။

အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ အမေရိကန်နိုင်ငံသား ၅ ဦးက နောက်တစ်နေ့မှာပဲ့ အမေရိကန်ကို ပြန်ရောက်လာခဲ့ကြပါတယ်။

အမေရိကန်မှာ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အီရန်နိုင်ငံသား ၅ ဦးနဲ့ သူတို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြတာပါ။

အီရန်နိုင်ငံသားတွေအနက် ၃ ဦးကတော့ အိမ်မပြန်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ နှစ်နဲ့ချီပြီး ပင်ပန်းဆင်းရဲမှုတွေ၊မသေချာမရေရာမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ခံရပြီးတဲ့နောက်မှာတော့ ချစ်ခင်ရသူတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ ကာတာ၊ အိုမန်၊ တောင်ကိုရီးယားနဲ့ ဆွစ်ဇာလန်အစိုးရတွေကိုလည်း ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

Ref: BBC

………………………………..

ကနေဒါနဲ့ အိန္ဒိယနှစ်နိုင်ငံ သံတမန်​တွေကို နှင်ထုတ်

ဆစ်ခ်ခေါင်းဆောင် ဟာဒီပ် ဆင်းနစ်ဂျာ အသတ်ခံရမှုနဲ့ပတ်သက်လို့ ကနေဒါ နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်ခဲ့ပြီး နှစ်နိုင်ငံက သံတမန်တွေကို နှင်ထုတ်ခဲ့ကြပါတယ်။

ကနေဒါဘက်က အိန္ဒိယသံတမန်တစ်ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့က နှင်ထုတ်ခဲ့ပြီး နာရီပိုင်းအကြာ အိန္ဒိယဘက်ကလည်း ကနေဒါသံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ပါတယ်။

ဟာဒီပ် ဆင်းနစ်ဂျာဟာ ဇွန်လ ၁၈ ရက်နေ့က ကနေဒါနိုင်ငံ ဗြိတိန်ကိုလံဘီယာမှာရှိတဲ့ ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

သူ့ကို အိန္ဒိယက အကြမ်းဖက်သမားလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါနဲ့ပက်သက်လို့ အိန္ဒိယအစိုးရကနေ ပါ၀င်ပတ်သက်နေတယ်လို့ ကနေဒါ၀န်ကြီးချုပ် Justin Trudeau ရဲ့စွပ်စွဲချက်ကိုတော့ အိန္ဒိယက ပယ်ချထားပါတယ်။

Ref: CNBC

………………………………..

တရုတ်မှာ လေဆင်နှာမောင်းတိုက်လို့ လူ ၁၀ ဦးသေဆုံး

တရုတ်ပြည်အရှေ့ပိုင်း ကျန်ဆူးပြည်နယ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က အင်အားပြင်း လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ပါတယ်။

ထိုတိုက်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

လေဆင်နှာမောင်းကြောင့် အဆောက်အဦး ၁၃၀ ကျော်လည်း ပျက်စီးခဲ့သလို လူ ၄၀၀ ကျော်ကိုလည်း နေရာပြောင်းရွှေ့ထားရပါတယ်။

အစိုးရကတော့ ပြည်နယ်တော်တော်များများမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်ထန်မယ်လို့ ကြိုတင်ကြေညာထားခဲ့တယ်လို့ ဆိုထားပါတယ်။

Ref: CNN

………………………………..

အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတ တွေ့ဆုံ

အမေရိကန်နိုင်ငံကိုရောက်နေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်အတွက် ယူကရိန်းရဲ့ တွန်းလှန်နေမှုကို ဆက်လက် ကူညီမှာ ဖြစ်တယ်လို့လည်း ဂျိုးဘိုင်ဒန်က ကတိပေးခဲ့ပါတယ်။

အမေရိကန်က ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကစပြီး စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတာက အမေရိကန်ဒေါ်လာ ၁၁၃ ဘီလီယံရှိခဲ့ပါပြီ။

ဒါဟာ ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းသမ္မတ Zelenskyy ရဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်ကို လာရောက်တဲ့ ဒုတိယခရီးစဉ်ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဂျပန်လူဦးရေ ၁၀ ရာခိုင်နှုန်းက အသက် ၈၀နဲ့အထက် လူကြီး​တွေဖြစ်နေ

ဂျပန်နိုင်ငံရဲ့ လူဦးရေထဲမှာ ၁၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၈၀ နဲ့အထက် အရွယ်ရှိသူတွေ ဖြစ်နေတယ်လို့ ဂျပန်အစိုးရက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်နိုင်ငံက ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး အသက်အရွယ်ကြီးသူတွေ များပြားနေတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

ဂျပန်လူဦးရေ ၁၂၅ သန်းထဲမှာ ၂၉ ဒသမ ၁ ရာခိုင်နှုန်းက အသက် ၆၅ နှစ်နဲ့အထက် ရှိနေခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ စီးပွားရေးအင်အားကြီးနိုင်ငံတွေထဲမှာ အသက် ၆၅ နှစ်နဲ့အထက် အလုပ်လုပ်သူ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး လုပ်သားအင်အားစုရဲ့ ၁၃ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကလေးမွေးဖွားနှုန်း ၈၀၀၀၀၀ ကျော်သာရှိခဲ့ပြီး မွေးဖွားနှုန်း စာရင်း စတင်ကောက်ယူခဲ့တဲ့ ၁၉ ရာစုနောက်ပိုင်း အနည်းဆုံးနှုန်းလည်း ဖြစ်ခဲ့ပါတယ်။

Ref: The Japantimes

………………………………..

ဖိလစ်ပိုင်လေဆိပ်အရာရှိက ခရီးသည်အိတ်ထဲက ဒေါ်လာ ၃၀၀ ကို ခိုးယူမြိုချ

ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်ရဲ့ စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲကနေ ဒေါ်လာ ၃၀၀ ရှိတဲ့ ငွေစက္ကူတွေကို နှိုက်ထားပြီး မျိုချခဲ့ပါတယ်။

ခရီးသည်တစ်ဦးက ခန္ဓာကိုယ်စစ်ဆေးမှု မလုပ်ခင် သူ့ရဲ့အိတ်ကို လေဆိပ်စစ်ဆေးရေးအရာရှိ မိုရာဒို့စ်ထံ ပေးခဲ့တာပါ။

သူမက ပိုက်ဆံအိတ်ထဲကနေ ငွေစက္ကူတစ်ထပ်ကို နှိုက်ယူထားခဲ့ပြီး ပါးစပ်ထဲ ထိုးသွင်းရင်း ရေနဲ့ မျှောချဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ သူမျက်နှာမူထားတဲ့ နေရာဟာ လုံခြုံရေးကင်မရာနဲ့ တည့်တည့်ဖြစ်နေလို့ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ပြီး ဖိလစ်ပိုင်လေဆိပ်အာဏာပိုင်အဖွဲ့က မိုရာဒို့စ်ကို စက်တင်ဘာ ၂၁ ရက်နေ့မှာ စွဲချက်တင်ခဲ့ပါတယ်။

Ref: The Straits Times

………………………………..

ဂျပန်ကျည်ဆန်ရထားပေါ်မှာ WWE ပုံစံ နပန်းပွဲကျင်းပ

ပရော်ဖက်ရှင်နယ်နပန်းသမားနှစ်ဦးဖြစ်တဲ့ မီနိုရူ ဆုဇူကီး နဲ့ ဆန်ရှီရို တာကာဂီဟာ အလွန်လျင်မြန်တဲ့ ဂျပန်ကျည်ဆန်ရထားပေါ် နပန်းပွဲကျင်းပခဲ့ပါတယ်။

ဒီ WWE ပုံစံနပန်းပွဲကို တိုကျိုအခြေစိုက် DD Pro- Wrestling က စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့တာပါ။

အဲဒီရထားအတွင်း ခရီးသည် ၇၅ ဦး လိုက်ပါလာခဲ့ပါတယ်။

ခရီးသည်တွေက သူတို့ရဲ့ပွဲကို ကြည့်ပြီး သဘောကျနှစ်ခြိုက်ခဲ့ကြပြီး ပွဲကတော့ နာရီဝက်ကြာမြင့်ခဲ့ပါတယ်။

နပန်းပွဲစဉ်လက်မှတ်တွေက မိနစ် ၃၀ အတွင်း ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: NDTV

………………………………..

အဇာဘိုင်ဂျန်မှာ ခွဲထွက်ရေးတပ်​တွေ လက်နက်စွန့်ပြီးနောက် အပစ်ရပ်

နာဂေါ်နို-ကာရာဘက်ခ် ဒေသမှာ ခွဲထွက်ရေးတပ်ဖွဲ့တွေက လက်နက်စွန့်ဖို့ သဘောတူခဲ့အပြီး အဇာဘိုင်ဂျန် စစ်တပ်က တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပါတယ်။

ဒီဒေသကို အဇာဘိုင်ဂျန်နိုင်ငံထဲ ဘယ်လို ထည့်သွင်း ပေါင်းစည်းမလဲ ဆိုတာကိုလည်း ဆွေးနွေးကြဖို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က သဘောတူလိုက်ပါတယ်။

အဇာဘိုင်ဂျန် စစ်တပ်ရဲ့ တစ်ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် လူ ၃၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီဒေသဟာ အိမ်နီးချင်း အာမေးနီးယားနိုင်ငံရဲ့ တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းသတ်မှတ်ခံရဖို့ အုပ်ချုပ်နေခဲ့တာ ဆယ်စုနှစ် ၃ ခု ရှိနေခဲ့ပါပြီ။

လူအင်အား လက်နက်အင်အားအရ အဆမတန် သာလွန်တဲ့ ရန်သူနဲ့ သူတို့ ရင်ဆိုင်ခဲ့ရတာလို့ ခွဲထွက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောကြားထားပါတယ်။

Ref: BBC

………………………………..

အီရန်မှာ အမျိုးသမီး​တွေအပေါ် ဝတ်စားဆင်ယင်မှု ပိုမိုတင်းကြပ်

အီရန်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အစ္စလာမ်စည်းမျဉ်းအရ ချမှတ်ထားတဲ့ ဝတ်စားဆင်ယင်မှု စည်းကမ်းကို တင်းကြပ်လိုက်ပါတယ်။

စည်းကမ်းကို ဖောက်ဖျက်သူ အမျိုးသမီးတွေအပေါ် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်မယ့် ဥပဒေကြမ်းတစ်ခုကို ပါလီမန်က အတည်ပြုခဲ့တာပါ။

ယခင်နှစ်တုန်းက မာဆာ အာမီနီလို့ခေါ်တဲ့ အမျိုးသမီးငယ် သေဆုံးခဲ့ရလို့ နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အီရန်အမျိုးသမီးတွေ ခေါင်းခြုံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဝတ်စားဆင်ယင်မှု စည်းမျဉ်းကို လိုက်နာလာစေဖို့ လတ်တလောမှာ အာဏာပိုင်တွေက အရေးယူမှုတွေ တိုးလာနေခဲ့တာပါ။

လမ်းတွေပေါ်မှာ ဘာသာရေးရဲတွေ ဖြန့်ချထားပြီး အများသွားလာတဲ့နေရာတွေမှာ ကင်မရာတွေ ချထားကာ စောင့်ကြည့်နေခဲ့ပါတယ်။

Ref: BBC

………………………………..