သရက်ချောင်း ကျောက်ဆည်ရွာ ပျူစောထီးခေါင်းဆောင်ဆိုသူနှင့်ဇနီးတို့ ပစ်သတ်ခံရ

0
2159

သရက်ချောင်းမြို့နယ် ကျောက်ဆည်ရွာ ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီခန့်တွင် အသက် ၅၀ ကျော်အရွယ်ရှိ ကျောက်ဆည်ရွာ ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးတိုးဝင်းသည် ဇနီးဖြစ်သူနှင့်အတူ ထမင်းစားနေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူက လူသစ်စုဆောင်းတာတွေ လုပ်တယ်။ ပဲဒက် (ရွာ) က ပျူစောထီးအဖွဲ့‌တွေနဲ့ ချိတ်ဆက်ပြီး နေတယ်။ သူမှာ အာဏာရှိတယ်ဆိုပြီး မောက်မာပြောဆိုလေ့ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ လာရောက်ပစ်ခတ်စဉ် ဦးတိုးဝင်း၏ အစ်ကို ဖြစ်သူ ဦးသောင်းစိန်ဆိုသူကိုလည်း ရိုက်နှက်ပြီး ထားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးတိုးဝင်းတို့ ဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်ခဲ့သည်ကို သီးခြား အတည်မပြုနိုင်သေးပေ။

ဦးတိုးဝင်းဆိုသူမှာ စစ်အာဏာသိမ်းပြီးနောက် ကျောက်ဆည်ကျေးရွာအုပ်စုတွင် ပြည်သူ့စစ် (ခ) ပျူစောထီး ခေါင်းဆောင်ဖြစ်လာကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

“သူအဖွဲ့ (အဖွဲ့ဝင်) တစ်ဆယ်ကျော်လောက်ရှိမယ်။ ပြည်သူ့စစ်ကြေးဆိုပြီး တစ်အိမ် ၈၀၀၀ ထည့်နေရတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၀ ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများနှင့် ပဲဒက်ရွာက ပျူစောထီးများ လာရောက် စစ်ဆေးပြီးနောက် ဦးတိုးဝင်းနှင့် ဇနီးဖြစ်သူ၏ ရုပ်အလောင်းတို့ကို သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။