စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပခပ်ရွာသားငါးဦးပြန်လွတ်လာပြီ

0
1180

ထားဝယ်မှ အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခဲ့သည့် ပခပ်ရွာသားငါးဦး ယနေ့ စက်တင်ဘာလ ၂ဝရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ပခပ်ရွာနှင့် အနီးဝန်းကျင်ရွာက ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ပခပ်ရွာက ဒေသခံငါးဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ကို ရမ္မဇူရွာအထိ ရိက္ခာနှင့် ပစ္စည်းများကို သယ်ခိုင်းသည်ဟုသိရကြောင်း ပခပ်ရွာသားတစ်ဦးက ဆိုသည်။

“(ရိုက်နှက်တာ) ဘာမှမလုပ်ဘူး။ သူတို့ပစ္စည်းတွေတော့ ပိုးခိုင်းတယ်လို့ပြောတယ်” ဟု ၎င်းက ပြန်လည်လွတ်မြောက်လာသူများ ပြောဆိုချက်ကို ကိုးကားက ပြန်လည်ပြောဆိုသည်။

ထီးခီး-မေတ္တာဘက်က လာသည့် စစ်ကြောင်းနောက်တစ်ကြောင်းမှာ ကျောက်မဲတောင်ရွာတွင် တစ်ညအိပ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းစစ်ကြောင်းမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည် မသိရကြောင်းလည်း ဆိုသည်။

ရမ္မဇူရွာကိုရောက်ရှိနေသည့် စစ်ကောင်စီတပ်မှာ အင်အား ၈၀ ခန့်ရှိပြီး ယင်းရွာဘုန်းကြီးကျောင်းတွင် စခန်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့တောဒေသကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာချိန်ကတည်းက ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ကြပြီး စစ်ကြောင်းပြန်ထွက်သွားချိန်တွင် မိမိနေအိမ်၌ ပြန်လည်နေထိုင်နေကြကြောင်း လိပ်ကြယ်ပြောင်ရွာ၊ ရမ္မဇူရွာ၊ ပခပ်ကျေးရွာက ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

ယနေ့အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။