ရန်တောင်ရွာစာသင်ကျောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာ လာရေးထားသဖြင့် ကျောင်းပိတ်လိုက်ရ

0
1454

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်သွားကားလမ်းဘေးရှိ ရန်တောင်ကျေးရွာ မူလွန်ကျောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာ လာရောက်ရေးသားထားသဖြင့် ကျောင်းပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကျောင်းဖွင့်ချိန်တွင် ကျောင်းခန်းနံရံများနှင့် ကျောက်သင်ပုန်းပေါ်တွင် စစ်အာဏာရှင် အလိုမရှိ၊ စစ်ကျွန်ပညာရေးအလိုမရှိ စသော စာများ ရေးသားထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ရေးထားတဲ့စာတွေကို အဝေးကနေတောင် မြင်နေရတယ်။ စပရေးနဲ့ ဖျန်းပြီးတော့ ရေးထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောင်းကို သွားသည့်အချိန်တွင် အထက်ပါစာများကို မြင်တွေ့သဖြင့် ကျောင်းအုပ်ကြီးက ကျောင်းတစ်ပတ် ပိတ်လိုက်ကြောင်း ရန်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အဲဒီလိုဆိုရင်တော့ ဆရာကြီးက ကျောင်းတစ်ပတ် ပိတ်မှရမယ်ဆိုပြီး ကျောင်းသားတွေကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါစာကို မည်သူတို့က ရေးသားထားခဲ့သည်ကို မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

တစ်ပတ် ကျောင်းပိတ်ထားသည်ဆိုသော်လည်း တစ်ပတ်ပြည့်လျှင် ကျောင်းပြန်ဖွင့်မည် မဖွင့်မည်ကိုလည်း သေချာမသိရသေးကြောင်း အထက်ပါ ရန်တောင်ရွာသူအမျိုးသမီးက ပြောဆိုသည်။

ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် ရဲနှင့် စစ်ကောင်စီတပ်က မြို့တွင်း၊ မြို့ပြင်ကို ကင်းလှည့်ပေးနေမည်ဟု သတင်းကြားရကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ကင်းလှည့်ပေးနေမယ်ဆိုတဲ့သတင်းလည်းကြားတယ် ရဲကပေါ့နော်။ ကင်းလှည့်ပေးနေပါမယ်။ ပြီးတော့ မိဘတွေကိုလည်း ကျောင်းဖွင့်မယ်ဆို စောင့်ခိုင်းတာပေါ့နော်။ ကိုယ့်သားသမီး (ကြို/ပို့) တာဝန် ကိုယ်ယူဖို့ပေါ့” ဟု တာဝန်ရှိသူက ဆိုသည်။

သို့သော် သရက်နှစ်ခွရွာတံတားတွင် တပ်စွဲထားသည့် စစ်တပ်ဂိတ်နှင့် ဓာတ်မီးတိုင် ဆယ်တိုင်ခန့်သာဝေးသည့် သရက်နှစ်ခွရွာ အထက်တန်းကျောင်းမှာမူ ယနေ့အထိပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်က သရက်နှစ်ခွရွာ အထက်တန်းကျောင်းထဲကို အရပ်ဝတ် လက်နက်ကိုင် တစ်ဆယ်ကျော် ဝင်ရောက်ပြီး ဆရာမများနှင့် ကျောင်းသားမိဘများကို စစ်ကောင်စီကျောင်းကို မဖွင့်ရန်၊ စာဆက်မသင်ရန် သတိပေး ပြောဆိုခဲ့ပြီးနောက် ယနေ့အထိ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

ရန်တောင်ကျေးရွာနှင့် သရက်နှစ်ခွရွာကြားတွင် သင်းကျွန်းကျေးရွာ တစ်ရွာခြားသည်။ သင်းကျွန်းကျေးရွာရှိ မူလတန်း ကျောင်းမှာမူ ဖွင့်လှစ်ထားနိုင်ပြီး ထားဝယ်-မြိတ် ကားလမ်း ရွှေဂူတံတား စစ်တပ်ဂိတ်အနီးက ညောင်ဇင်ကျေးရွာ စာသင်ကျောင်းမှာမူ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။