ဗောဓိကမ်း ဘုန်းကြီးကျောင်း လက်နက်ကြီးကျ၍ ရဟန်းသုံးပါး ဒဏ်ရာရ

0
1574

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းဘုန်းတော်ကြီးကျောင်းပေါ် လက်နက်ကြီးကျပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် ရဟန်း ၃ ပါးဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီး ၂ လုံးကျောင်းဆောင်ပေါ်သို့ ကျရောက်ခဲ့ပြီး ဆရာတော်နှင့်ရဟန်း ၂ ပါးဒဏ်ရာရကာ တနင်္သာရီမြို့ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဒေသခံများ ကပြောသည်။

“ဆရာတော်ကိုတော့ မြိတ်ဆေးရုံပို့လိုက်ပြီး ကျန်သံဃာ(ရဟန်း) ၂ ပါးက တနင်္သာရီဆေးရုံတင်ထားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

လက်နက်ကြီးကို တနင်္သာရီစစ်ကောင်စီတပ်ရင်းဘက်မှ ပစ်ခတ်သည်ဟု ဒေသခံအချို့က ထင်ကြေးပေးခဲ့ပြီး တိတိကျကျ မသိရသေးကြောင်း ဆိုသည်။

“ကျည်က ၆၀ မမ လို့ဆိုတယ်။ ဘယ်တပ်က ပစ်တယ် မသိရသေးဘူး။ စုံစမ်းတုန်းပဲရှိသေးတယ်။ မေးမြန်းသိရသလောက်ကတော့ PDF ဘက်က ပစ်တာမဟုတ်ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသား နောက်တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်ည ၆ နာရီဝန်းကျင်ကလည်း တနင်္သာရီအမြှောက်တပ်က မှော်တုန်းကျေးရွာအနောက်ကမ်းကို လက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီး ယင်းကျေးရွာဘုန်းတော်ကြီးကျောင်း ခေါင်မိုးပေါ် လက်နက်ကြီး တစ်လုံးကျရောက်ခဲ့သည်။

တနင်္သာရီမြို့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဘန်လောကျေးရွာအပါအဝင် မှော်တုန်းအရှေ့ကမ်း အနောက်ကမ်းကျေးရွာတို့ကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်။