ထားဝယ်အရှေ့တောဒေသတွင် KNU စခန်းကို ကော်သူးလေတိုက်ခိုက်

0
10345
ပုံစာ - တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များအား ထားဝယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။

ထားဝယ်အရှေ့တောဒေသရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်စခန်း တစ်ခုကို ကော်သူးလေတပ်မတော် KTLA က တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်အတည်ပြုချက်အရ သိရသည်။

ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဉ်းသားတောရွာရှိ KNLA စခန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကော်သူးလေတပ်မတော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းစခန်းတွင် KNU ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်သားနှစ်ဦးရှိပြီး KTLA က အင်အား ၃၀ ခန့်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ငါတို့ ပြန်ခုခံပစ်ကြတာပေါ့နော်။ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ ကျွန်တော်တို့အဖွဲ့က ဘာမှထိခိုက်မှု မရှိဘူး။ KTLA အဖွဲ့က ပြန်ဆုတ်ခွာသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

KTLA တပ်ဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်တိုက်ခိုက်သည်ကို နားမလည်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။

ကော်သူးလေတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကလည်း စက်တင်ဘာလ ၁၆ ရက်က နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

ဒီမိုကရေစီတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသူများနှင့် ပြဿနာတစ်စုံတစ်ရာ မရှိသလို အမြင်မတူသူများကိုလည်း တိုက်ခိုက်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“သို့သော် ဒီစစ်ကောင်စီကို ကူညီတဲ့သူ စစ်ကောင်စီနဲ့ အတူပူးပေါင်းလုပ်ကိုင်တဲ့သူကိုတော့ မည်သူကိုမဆို ကျွန်တော် တို့ တိုက်ခိုက်နှိမ်နှင်းသွားမယ်လို့ အကြိမ်ကြိမ်ပြောပြီးသားဖြစ်ပါတယ်” ဟု ကိုချမ်းက ပြောဆိုသည်။

ပဒိုစောအယ်နားကမူ တပ်မဟာ (၄) အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို နယ်မြေခိုလှုံခွင့်၊ စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်း အကူအညီများပေးခြင်းတို့ လုပ်ဆောင်နေကြောင်း ဆိုသည်။

“စကစကို ကားနဲ့ပစ္စည်းတင်ပေးတာတို့၊ ရိက္ခာပို့ပေးတာတို့ ဘာမှမရှိဘူး။ တစ်ခုမှမရှိဘူး။ ပြီးတော့ စကစနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်တာလည်း တစ်ခုမှ မရှိဘူး။ မြေပြင်မှာရှိတဲ့ လူတွေသိတယ်။ တိုက်ခိုက်တဲ့သူတွေတော့ ရှိတာပေါ့” ဟု ပဒိုစောအယ်နားက ငြင်းဆိုသည်။

အခြားတစ်ဖက်တွင်လည်း ကော်သူးလေတပ်မတော်နှင့် KNU တပ်မဟာ (၄) တို့အကြားဖြစ်ပွားနေသည့် ပဋိပက္ခကို မြေပြင်တွင် ပုံစံအမျိုးမျိုးဖြင့် ညှိနှိုင်းနေပြီး ယခုထက်ပိုကောင်းသည့် ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ကိုချမ်းက ပြောဆိုသည်။

ပဒိုစောအယ်နားကမူ နှစ်ဖက်ကြားညှိနှိုင်းဆွေးနွေးရန် အတွက် KTLA အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များက လက်ခံသော်လည်း KTLA တနင်္သာရီတိုင်း တာဝန်ခံ ဗိုလ်အယ်ကွီး က ပယ်ချသည်ဟု ပြောသည်။

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်နှင့် ဗိုလ်အယ်ကွီးဦးဆောင်သည့် KTLA တပ်ဖွဲ့နှစ်ခုကြား မကျေလည်မှုများရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးပဋိပက္ခပိုမိုတင်းမာလာခြင်း ဖြစ်သည်။

စစ်ရေးတင်းမာမှုကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ အဖြေရှာကြရန် တိုင်းအတွင်းရှိ ကရင်ပြည်သူများ၊ ပြည်ပရောက် ကရင်အဖွဲ့အစည်းများ ၄၆ဖွဲ့က တောင်းဆိုထားကြသည်။