ပုလောတွင် လက်နက်ကြီးကျည်စထိမှန်ပြီး PDF ရဲဘော်တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

0
1303
ပုံစာ - ၂၀၂၂ ခုနှစ် ပုလောအမှတ် ၁ တပ်ရင်းမှ ပြည်သူ့ကာကွယ်၊ရေးတပ်သားတဦး၏ ဈာပန(ပုံဟောင်း) Photo - PPDF

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) က ယနေ့ စက်တင်ဘာလ ၁၂ရက် နံနက်တွင် ထုတ်ပြန်သည်။

ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်နှင့် စစ်သင်္ဘောများက လက်နက်ကြီးဖြင့် မြဒေါင်ကျေးရွာသို့ စက်တင်ဘာ ၁၁ ရက် ညဦးအချိန်မှ ညနက်သည်အထိ ပစ်ခတ်ခဲ့ကြောင်း အထက်ပါတပ်ရင်းနှင့် ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ့ကာကွယ်ရေးအမှတ် (၁) တပ်ရင်းမှ အသက် ၃၀ နီးပါးအရွယ် တပ်စိတ်မှူး ရဲဘော်ဇင်ကို ကျဆုံးခဲ့ပြီး အနီးရှိ ရဲဘော်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်နက်ကြီးလာကျပြီး ရဲဘော်ဇင်ကို ကျသွားတယ်။ ကျန်တဲ့နှစ်ဦးလည်း ထိပြီး တစ်ဦးက အနည်းငယ် စိုးရိမ်ရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

စက်တင်ဘာ ၁၁ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က မြဒေါင်ရွာသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် မွန်းလွဲချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးကျဆုံးပြီး လေးဦးဒဏ်ရာရကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး အဝေးမှ လက်နက်ကြီးများဖြင့် ညနက်သည်အထိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။