ပေါင်တွင် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

0
1187

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နယ်ထိန်းရဲ ပစ်သတ်ခံရပြီး ရဲစခန်း၊ ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲ တပ်ကြပ်ကိုကိုလွင် စက်တင်ဘာလ ၃ ရက်နေ့က မိုးနိုင်းရပ်ကွက်မှ ပေါင်မြို့မ ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် အပြန် မော်လမြိုင်-ရန်ကုန်လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခံရသည်။

ဩဂုတ်လအတွင်းကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံခဲ့ရသည့်အပြင် ပေါင်မြို့မရဲစခန်းနှင့် ပေါင်မြို့နယ်ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်သည် ဥတ္တံတားကျေးရွာအတွင်းသို့ စက်တင်ဘာ ၇ ရက်နေ့က ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။

“စစ်တပ်တွေက အင်အားနဲ့ ရွာထဲဝင်လာပြီးတော့ သူတို့ သံသယရှိတဲ့လူတွေကို ဖမ်းခေါ်သွားတာ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ပါသွားတယ်။ ဖမ်းသွားတဲ့အထဲမှာ အမျိုးသားရော၊ အမျိုးသမီးရော ပါတယ်” ဟု ဥတ္တံတားကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး၊ အမျိုးသား ၁၅ ဦးထက်မနည်း ရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူများအနက် အချို့ကို ဇင်းကျိုက်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု သံသယရှိသူအချို့ကို စစ်ကြောရေးသို့ ပို့ထားကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်တို့သည် ပေါင်မြို့ပေါ်နှင့် ဇင်းကျိုက်၊ ရင်းငြိမ်၊ ဥတ္တံတားကျေးရွာတို့တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။  

ပေါင်မြို့နယ်တွင် နယ်ထိန်းရဲတပ်ဖွဲ့ ပစ်သတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ နယ်ထိန်းရဲအပါအဝင် ရဲတပ်သား ငါးဦးထက်မနည်း ပစ်သတ်ခံခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။