ကမ်းနီးငါးခိုးဆွဲသည့် ကမ်းဝေးလှေများကို ပုလောကာကွယ်ရေးတပ် ပထမဆုံးအကြိမ်ဖမ်းဆီး

0
2133
ပုံစာ - ကမ်းနီးတွင် ဝင်ရောက်ဆွဲနေသည့် ကမ်းဝေးငါးဖမ်းလှေ(ပုံဟောင်း)

ပုလောမြို့နယ်အတွင်း ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများကို ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်က ပထမဦးဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ယနေ့ စက်တင်ဘာလ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်သူများ၏ တိုင်ကြားချက်အရ စက်တင်ဘာလ ၇ရက်က ပုလောမြို့နယ်၊ ညှင်းဖို ညှင်းမကျွန်း ကမ်းနီးတွင် ဝင်ရောက်ခိုးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးရာတွင် ငါးဖမ်းလှေအား ယူဆောင်ခြင်းမပြုဘဲ တာဝန်ရှိသည့် လှေဦးစီး ပဲ့နှင်းခုနစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

“လှေကတော့ မသိမ်းဆည်းပါဘူး။ ပဲ့နင်း ၇ ယောက်ကိုပဲ ဖမ်းတာပါ။ သူတို့ကိုတော့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်အထိ ‌အရေးယူဖို့တော့ ရှိပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖမ်းဆီးခဲ့သည့် လှေ၏ ပိုင်ရှင်များကို လတ်တလော ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း အပြစ်ကျူးလွန်သည့် လှေဦးစီးခုနှစ်ဦးကိုမူ မြိတ်ခရိုင်တပ်ရင်း (၁) တွင် ထိန်းသိမ်းထားကြောင်းသိရသည်။

“သတိပေးချက်ကို မလိုက်နာဘဲ ခိုးဖမ်နေဦးမယ်ဆိုရင်တော့ အခုလိုပုံစံအတိုင်း ဖမ်းဆီးအရေးယူသွားမယ်”ဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ကမ်းဝေးလှေများ ကမ်းနီးတွင် လာရောက်ခိုးဆွဲခြင်းကြောင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ကမ်းနီးလှေက ထောင်ထားသည့် ငါးဖမ်းပိုက်များ ဆုံးရှုံးရခြင်းတို့ ကြုံနေရကြောင်း ဒေသခံကမ်းနီးလုပ်ငန်းလုပ်ကိုင်နေသူများ ကပြောသည်။

“ကိုယ်က သူတို့လှေဆီသွားပြီး အလျော်တောင်းရင် သူတို့က မလျော်ပေးတဲ့အပြင် တိုက်မြှုပ်လိုက်ရမလား။ ရိုက်သတ်လိုက်ရမလား အဲဒီလို ခြိမ်းခြောက်ခံရတယ်။ သူကလှေကြီးဆိုတော့ ကြောက်ပြီး ပြန်မပြောရဲဘူး။ ပုလောတခွင် ကမ်းနား ကုန်းနားအကုန် ကမ်းဝေးလှေတွေ တက်ဆွဲနေတော့ လှေငယ်တွေ အလုပ်လုပ်စားလို့ မရတော့ဘူး။ အခု ပုလောဈေးမှာသွားကြည့် ငါးတောင် ကောင်းကောင်းမရှိတော့ဘူး” ဟု ဒေသခံတစ်နိုင်တစ်ပိုင် ငါးဖမ်းလှေလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကမ်းဝေးလှေများကို ကမ်းနီးသို့ဝင်ရောက်ခိုးဆွဲခြင်းအားစောင့်ကြည့်ရန် VMS (Vessel Monitoring System) ဟုခေါ်သည့် ပြင်လယ်ပြင်ငါးဖမ်းမှုစောင့်ကြည့်ရေးခြေရာခံစက်ကို ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီတွင် စတင်တပ်ဆင်အသုံးပြုစောင့်ကြည့်ခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ ကမ်းဝေးလှေများ ကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲမှုများကြုံနေရဆဲဖြစ်ကြောင်း ကမ်းနီးလှေငယ်လုပ်ကိုင်သူများက ဆိုသည်။