မန်ယူကို ဂလေဇာမိသားစု ရောင်းချတော့မည်မဟုတ်

0
1764
Photo – Daily Mail

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ၎င်းတို့မျှော်လင့်ထားသည့် ဈေးနှုန်းမျိုးကို မရရှိသည့်အတွက် အသင်းကို ရောင်းချပေးတော့မည် မဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းသွားတော့မည်သာဖြစ်ကြောင်း Daily Mail သတင်းစာက ရေးသားဖော်ပြထားသည်။

ဂလေဇာမိသားစုနှင့် ကာလရှည်ကြာ ရင်းနှီးခဲ့သူများက ယခုသတင်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂလေဇာမိသားစုမှာ များမကြာမီကာလအတွင်း မန်ယူကို အရောင်းဈေးကွက် တင်ထားရာမှနေ၍ ဖြုတ်ချပိတ်သိမ်းလိုက်တော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဂလေဇာမိသားစုသည် အစောပိုင်း၌ မန်ယူကို ပေါင် ၆ ဘီလီယံဖြင့် ရောင်းထုတ်မည်ဟု ပြောကြားထားခဲ့သော်လည်း လက်ရှိတွင် အသင်းတန်ကြေးကို ပေါင် ၁၀ ဘီလီယံအထိ တိုးမြှင့်တောင်းဆိုလိုက်သည့်အတွက် ဝယ်ယူရန် စိတ်ဝင်စားနေသော ကာတာဘီလျံနာ အယ်လ်ဂျတ်စ်ဆင်းနှင့် ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဆာ ဂျင်မ်ရတ်ဒ်ကလစ်ဖ်တို့က နောက်ဆုတ်သွားခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုနှင့် ပေါင်သန်း ၉၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်သစ်ကို ချုပ်ဆိုလိုက်နိုင်ခြင်း၊ အယ်လ်ဂျတ်စ်ဆင်းနှင့် ဆာ ဂျင်မ်ရတ်ဒ်ကလစ်ဖ်တို့က အသင်းကို ဝယ်ယူရန် တန်ကြေးမြင့်မားစွာဖြင့် ကမ်းလှမ်းခြင်းကြောင့် စတော့ခ်အိတ်ချိန်းတွင် အသင်း၏ရှယ်ယာဈေးများ ဆက်တိုက်မြင့်တက်သွားခြင်း စသည့်အချက်များ‌ကြောင့် ဂလေဇာမိသားစုအနေနှင့် လောဘတက်ကာ အသင်းတန်ကြေးကို မူလသတ်မှတ်ထားသည်ထက် ဈေးနှုန်းတိုးတောင်းလိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း ဈေးကွက်ရေးရာလေ့လာသူများကလည်း ပြောဆိုနေကြသည်။

မန်ယူပရိသတ်များသည် ဂလေဇာမိသားစုကို အလိုမရှိတော့ဘဲ ပိုင်ရှင်သစ်တစ်ဦးထံသို့ အသင်းကို လက်လွှဲပြောင်းရောင်းချပေးရန် အဆက်မပြတ် တောင်းဆိုနေပြီး အသင်း၏အောင်မြင်မှုများ လျော့နည်းကင်းမဲ့လာခြင်း၊ အသင်းအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမှု နည်းပါးလာခြင်းတို့ကြောင့် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မန်ယူပရိသတ်များက ဒေါသထွက်နေကြပြီလည်းဖြစ်သည်။