မော်လမြိုင်တွင် သောက်ရေသန့်တစ်ဗူး ကျပ်သုံးရာဈေးတက်

0
1214

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀ လီတာဗူး သောက်ရေသန့်ဈေးနှုန်းကို စက်တင်ဘာလ ၁ ရက်နေ့မှစပြီး ကျပ် သုံးရာဈေးတိုးမြှင့်ရောင်းချနေကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် ကျပ် ခုနစ်ရာဖြင့် ရောင်းချနေရာမှ စက်တင်ဘာလ ၁ ရက်နေ့မှစပြီး တစ်ထောင်ကျပ်ဖြင့် ရောင်းချနေကြောင်း ၎င်းတို့က ပြောသည်။

အထွေထွေကုန်ကျစရိတ်များ မြင့်မားလာမှု၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာမှုနှင့် ရေသန့်လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဈေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်တို့က ဆိုသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းကြပြီး သောက်ရေသန့် ဈေးနှုန်း ပြောင်းလဲသတ်မှတ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းတွေကလည်း တက်တယ်။ စက်သုံးဆီဆိုရင်လည်း တက်တယ်။ နောက်ပြီးတော့ ရေသန့်လုပ်ငန်းသုံး ပစ္စည်းတွေလည်း ဈေးတက်တော့ ဒီအခြေအနေမှာ ရေသန့်လုပ်ငန်းရှင်တွေအားလုံး ညှိနှိုင်းကြပြီးတော့ ရေသန့်တစ်ဗူး တစ်ထောင်ကျပ်နဲ့ ရောင်းဖို့ ဆုံးဖြတ်ကြတာဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် ၁ လီတာဗူးနှင့် အခြား သောက်ရေသန့်ဗူးဈေးနှုန်းများလည်း တစ်ကဒ်လျှင် ကျပ် သုံးရာ မှ ကျပ် ငါးရာ အထိ ဈေးတိုးမြှင့်ရောင်းချသွားရန်လည်းရှိကြောင်း ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

သောက်ရေသန့်ဈေး တိုးမြှင့်ရောင်းချမည်ကို ပြီးခဲ့သည့်တစ်ပတ်ခန့်ကတည်းက ကြိုတင်အသိပေးထားကြောင်း သုံးစွဲသူတို့ထံမှ သိရသည်။

“အကုန်လုံးက ဈေးတက်နေတော့ ဘာမှပြောစရာမရှိတော့ဘူး။ ရေတောင် ချွေတာသောက်ရမယ့် အခြေအနေ ရောက်သွားပြီ။ ပိုက်ရေကိုပဲ ကျိုပြီးသောက်ရတော့မယ်။ တက်ပြီးရင်လည်း ပြန်ကျဖို့မရှိဘူးလေ။ ဒီလောက် ကျပ်တည်းနေတာ ဒီဟာလည်းဈေးတက် ဟိုဟာလည်းဈေးတက် ရှိရှိသမျှအကုန်ဈေးတက်နေတာ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ယခင်က သောက်ရေသန့်တစ်ဗူး လေးရာကျပ်မှ ငါးရာကျပ်ဖြစ်လာပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်ဗူး ခုနစ်ရာ ကျပ် ဈေးတက်လာခဲ့ရာမှ ယခု တစ်ဗူး တစ်ထောင်အထိ ဈေးထပ်တက်လာခြင်းဖြစ်ကြောင်း သုံးစွဲသူတို့ထံမှ သိရသည်။

မော်လမြိုင်မြို့နယ်အတွင်းတွင် သောက်ရေသန့်လုပ်ငန်း ၁၅ ခုထက်မနည်းရှိနေပြီး မော်လမြိုင်မြိုပေါ်ရပ်ကွက်များ သာမက မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ သောက်ရေသန့်များ လိုက်လံဖြန့်ဖြူးရောင်းချနေကြသည်။