ပိတ်ဆို့ခံနေရသည့် ဆေးကုသခွင့်

0
1765

လူနာတင်ဆောင်လာသည့် အရေး‌ပေါ်လူနာတင်ယာဉ်တစ်စီး ဂိတ်ဖြတ်ခွင့်ရရေးအတွက် မေးခွန်းများစွာကို ဖြေဆိုနေရသည်။

ကားပေါ်ပါလာသည့် လူနာအတွက် အသက်ရှင်ရေးမှာ စက္ကန့်နှင့်အမျှ အရေးကြီးနေသည်။

ယင်းကြောင့်လည်း ထားဝယ်-ရန်ကုန်ကားလမ်းတစ်လျှောက် တတ်နိုင်သမျှ အရှိန်ပြင်းပြင်းဖြင့် ဒုန်းစိုင်းမောင်းနှင်လာ ခြင်းဖြစ်သည်။

ကျန်းမာရေးမကောင်းသည့် တနင်္သာရီတိုင်းသားတစ်ဦး ရန်ကုန်တွင်ဆေးသွားကုရန် အရေးပေါ်ကားဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

သို့သော် ပရဟိတသမား ကိုအာကာ(အမည်လွှဲ) မောင်းလာသည့် အရေးပေါ်လူနာတင်ယာဉ်မှာ ထားဝယ်မြို့အထွက်ဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်မှာတွင်ပင် အချိန်အတော်လေး ကြာသွားသည်။

အကြောင်းမှာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက အလွယ်တကူဖြတ်ခွင့်မပေးဘဲ အမျိုးမျိုးသော မေးခွန်းများ၊လူနာနှင့် ပတ်သက်သည့် အထောက်အထားများကို စုံစုံစေ့စေ့ စစ်ဆေးနေခြင်းကြောင့်ဖြစ်သည်။

ထိုကြောင့်လည်း အဆိုပါ စစ်ဆေးရေးဂိတ်တစ်ခုတည်းတွင်ပင် မိနစ်သုံးဆယ်ခန့် အချိန်ပေးလိုက်ရသည်။

မွန်ပြည်နယ်အစပ် မလွှဲတောင်ဂိတ်မှ တနင်္သာရီတိုင်း ကော့သောင်းမြို့အထိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ပေါင်း အနည်းဆုံး ၂၇ ခုရှိသည်။

အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်သည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့်အတူ လက်နက်ကိုင်အဖွဲ့များစွာ၏ လုံခြုံရေး အကြောင်းပြ စစ်ဆေးရေးဂိတ်များမှာ တနင်္သာရီတိုင်းအတွင်း နေရာစုံတွင်ရှိနေသည်။

စစ်‌ဆေးရေး ဂိတ်များနှင့် လက်နက်ကိုင်အဖွဲ့များ၏ လူနာတင်ယာဉ်အပေါ်ထားသည့် သဘောထားကြောင့် အရေးပေါ်လူနာတင်ယာဉ် အသင်းများနှင့် ကျန်းမာရေးကူညီစောင့်ရှောက်နေသည့် ပရဟိတအဖွဲ့များမှာ လုပ်ရကိုင်ရ ပိုမိုကျပ်တည်းလာနေသည်။

ယာဉ်ပေါ်တွင် အရေးပေါ်လူနာတစ်ဦး ပါလာပါက စစ်ဆေးရေးဂိတ်များတွင် လူနာရောဂါ အကြောင်းနှင့် လူနာ၏ ကိုယ်ရေးအချက်အလက်များကို အသေးစိတ်မေးမြန်းလေ့ရှိသည်။

သွေးထွက်သံယို ဒဏ်ရာတစ်ခုခု ရရှိထားသည့် လူနာဖြစ်ပါက ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုခံရတော့သည်။

အခန့်မသင့်ပါက ပရဟိတ အဖွဲ့သားများမှာ ဖမ်းဆီးခံရသည့် အရေးကို ကြုံတွေ့ကြရသေးသည်။

“အရေးပေါ်ကားတွေဆိုရင် သေသေချာချာတောင် စစ်တယ်။ဒီလူနာ ဘယ်ကလာလဲ ရွာအမည်တွေမေးတယ်။ လောင်းလုံးတွေဘက်ကဆိုရင် ရွာအမည်ကိုမေးပြီးတောင် စစ်တာ။ ဂိတ်တစ်ဂိတ်ဆို အနည်းဆုံးမိနစ်သုံးဆယ် လောက်ကို ကြာတယ်”ဟု ကိုအာကာက ပြောသည်။

ယင်းကြောင့်လည်း တနင်္သာရီတိုင်းအတွင်း နေသူများမှာ အရေးပေါ်အခြေအနေဖြစ်ပါက ရန်ကုန်မြို့တွင် ဆေးကုခွင့်ရနိုင်ရန် ပုံမှန်ထက်ပို၍ အချိန်များစွာ ပေးကြရသည်။

လမ်းပေါ်ရှိစစ်ဆေးရေးဂိတ်များတွင်ပင် အချိန်များစွာ ကုန်ဆုံးရလေ့ရှိသည်။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ပိုမိုဆိုးရွားသည့် စစ်ဆေးမှုများကို ကြုံတွေ့နေကြရသည်။

အရေးပေါ်ဆေးကုသရန်လိုအပ်သည့်အတွက် တနင်္သာရီတိုင်းအတွင်းမှ  ရန်ကုန်မြို့ရှိ ဆေးရုံများသို့ လူနာပို့ဆောင်ချိန်တွင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များက တင်းတင်းကြပ်ကြပ် စစ်ဆေးနေသလို ည ၈ နာရီ နောက်ပိုင်းတွင်လည်း ဖြတ်သန်းခွင့်မပေးတော့ကြောင်း ကိုအာကာ ကပြောသည်။

စစ်ကောင်စီတပ်အားခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်အချို့ကလည်း အဆိုပါလမ်းပေါ်တွင် ရံဖန်ရံခါစစ်ဆေးလေ့ရှိသော်လည်း အရေးပေါ်ကားများကိုမူ မေးခွန်းအနည်းငယ်မေးပြီး သွားခွင့်ပေးလေ့ရှိသည်ဟု ကိုအာကာက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ၏ ညမထွက်ရအမိန့်ကြောင့်လည်း အရေးပေါ်ဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရသူများလည်း ရှိနေသည်။

ထားဝယ်ဒေသနေ ပရဟိတသမား ကိုအာကာကိုယ်တိုင်ပင် ပြီးခဲ့သည့်နှစ်က ညအချိန်မတော် ရုတ်တရက် ဆီးအောင့်လာပြီး မခံမရပ်နိုင်ဖြစ်လာသည်။

“အာဏာမသိမ်းခင်ကအချိန်မျိုးဆိုရင် ဆေးရုံကို ချက်ချင်းပြေးသွားလို့ရတယ်။ အခုက ဆီးအောင့်တာကြောင့်မသေဘဲ သေနတ်နဲ့ ပစ်သတ်လို့သေမှာ”ဟု ကိုအာကာက ပြောသည်။

ထိုကြောင့် ကိုအာကာတစ်ယောက် ဆီးအောင့်ဝေဒနာကို ကြိတ်မှိတ်ကျော်ဖြတ်ရင်း နံနက်စောစော ညမထွက်ရအချိန်လွန်မှ ဆရာဝန်ခေါ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရသည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် အချိန်မီဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရသူများလည်း ရှိခဲ့သည်။

ရေဖြူမြို့နယ်အနောက်ကမ်းက အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ညမထွက်ရကန့်သတ်ချက်ကြောင့် ဆေးရုံအချိန်မီမရောက်ဘဲ ယခုနှစ်မေလက အသက်ဆုံးခဲ့ရသည်။

ထားဝယ်မြို့ပေါ်ရှိ ဆေးရုံတင်ရန် ‌အရေးပေါ်ကားများကို အကူအညီတောင်းခံခဲ့သော်လည်း ညဘက်ဖြစ်နေသည့်အတွက် မလိုက်ရဲကြောင်းသာ အကြောင်းပြန်ခဲ့သည်။

နည်းလမ်းစုံကြိုးစားသော်လည်း နောက်နေ့တွင်မှ ဆေးကုသခွင့်ရရှိခဲ့သဖြင့် သေဆုံးခဲ့ရသည်။

ယင်းအပြင် လူနာတင်ယာဉ်ပစ်ခတ်ခံရမှုကြောင့် လူနာအမျိုးသမီး ကျည်ဆန်ထိမှန်ခဲ့သည့် ဖြစ်စဉ်လည်း ပြီးခဲ့သည့် ရက်ပိုင်း(သြဂုတ် ၂၇)က ဖြစ်ပွားခဲ့သေးသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာပို့သည့် ကျိုက်ထိုမြို့က တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမှ မော်လမြိုင်သို့ လူနာဆေးခန်းပြရန် ပို့ဆောင်ပေးရာတွင် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှုခံရခြင်းဖြစ်သည်။

ယင်းအခြေအနေများအပြင် အရေးပေါ်လူနာတင်ယာဉ် အသင်းများမှာ စစ်ကောင်စီ လက်ဝေခံ ပျူစောထီးအဖွဲ့များ၏ စစ်ဆေးခြိမ်းခြောက်မှုများလည်း ကြုံတွေ့ကြရသည်။

ယင်းအပြင် အခြားတစ်ဖက်တွင်လည်း တော်လှန်ရေးအဖွဲ့များ၏ ဖိအားပေးမှုများကိုလည်း ကြုံတွေ့နေကြရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်အချို့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက စောင့်ကြည့်နေသည့်အတွက် သတိထားလုပ်ဆောင်နေရကြောင်း ထားဝယ်ဒေသတွင်းရှိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့တစ်ခု၏ တာဝန်ရှိသူ ဦးကျော်ဟိန်း(အမည်လွှဲ)က ဆိုသည်။

“နှစ်ဘက်ရဲ့ကြားမှာ ဖြစ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ လုံခြုံရေးပေါ့ဗျာ။ ကိုယ့်ကိုရန်မရှာရင် ဘာမှမဖြစ်ဘူး ပေါ့ဗျာ။ ရန်ရှာမယ်ဆို ကျွန်တော်တို့ နာမှာပေါ့ဗျာ”ဟု ဦးကျော်ဟိန်းက ပြောသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကလည်း ထားဝယ်မြို့အတွင်း ညဘက်လူနာထွက်သယ်သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အသင်းမှ အရေးပေါ်ကားတစ်စီးနှင့် အသင်းသားအချို့ကို စစ်‌ကောင်စီကဖမ်းဆီးပြီး နောက်တစ်ရက်အကြာမှ ပြန်လွှတ်ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

ပဋိပက္ခကာလအတွင်း စစ်ကောင်စီတပ်၏ ဖိနှိပ်မှုများကြောင့် ပြည်သူများမှာ အရေးပေါ်ဆေးဝါးကုသမှုခံယူရန် အကြပ်ရိုက်နေချိန်တွင် တော်လှန်ရေးအဖွဲ့အချို့ကလည်း အရေးပေါ်လူနာတင်ယာဉ်အသင်းကဲ့သို့ ပရဟိတအဖွဲ့များကို ဖိအားပေးလာသည်။

မြိတ်ဒေသရှိ ပရဟိတအဖွဲ့ ၅ ဖွဲ့က ၎င်းတို့၏ နာရေးကူညီမှုယာဉ်များကိုအသုံးပြုကာ စစ်ကောင်စီကို အားပေးကူညီနေသည့် အတွက် ရပ်တန်းကရပ်ရန် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးစာထုတ်ပြန်ခဲ့သည်။

ချမ်းမြေ့၊ ဂရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်၊ ပီတိကုသိုလ်(အရေးပေါ်ကားနှင့် နာရေးကူညီမှု)အသင်းများကို သတိပေးထားခြင်း ဖြစ်သည်။

သတိပေးချက်အား မလိုက်နာဘဲ ဆက်လက်ကူညီနေပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ယခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က အရေးပေါ်လူနာတင်ယာဉ်ဖြင့် အသွင်ယူသွားလာလှုပ်ရှားနေချိန် တိုက်ပွဲဖြစ်လာပါက လူနာတင်ယာဉ်များကို တိုက်ခိုက်သည်ဟု သတင်းအမှားဖြင့် ဝါဒမဖြန့်နိုင်စေရန်နှင့် စစ်ကောင်စီနှင့် မပတ်သက်ကြရန် အသိပေးသည့်သဘောသာဖြစ်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရဲဘော်စတားက ရှင်းပြသည်။

“ပြည်သူတွေကို တကယ့် ပရဟိတစိတ်ရင်းအမှန်နဲ့ ကူညီနေတဲ့အဖွဲ့အစည်းတွေ နာရေးအသင်းတွေ၊ လူနာတင်ယာဉ်တွေ အနေနဲ့ စိုးရိမ်စရာမရှိပါဘူး။ စစ်ကောင်စီဖက်က အသုံးချတာတွေကိုလည်း သတိပြုပေးကြဖို့ပဲ ပြောလိုပါတယ်ခင်ဗျ”ဟု ရဲဘော်စတားက ပြောသည်။

အရေးပေါ်လူနာတင်ယာဉ်နှင့် ပရဟိတလုပ်ငန်းများ အမှန်တကယ်လုပ်နေသည့် အသင်းအဖွဲ့များအပေါ် ကန့်သတ် တားမြစ်ခြင်းမရှိသလို ၎င်းတို့ထိန်းချုပ်နယ်မြေတွင်လည်း လွတ်လပ်စွာသွားလာခွင့်နှင့် ဆေးဝါးကုသခွင့်ရှိကြောင်း  ၎င်းက ဆိုသည်။

မြိတ်နှင့် ထားဝယ်ခရိုင်တွင်လည်း  ပရဟိတ၊ ဘာသာရေးအမည်ခံပြီး စစ်ကောင်စီဘက်က အသုံးချကာ အသွင်ယူသွားလာမှုများ ရှိနေသည်ကို  သတင်းရထားသည့်အတွက် သတိပေးသည့်အနေဖြင့် ထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း ရဲဘော်စတားက ပြောသည်။

“ပရဟိတအဖွဲ့တွေ၊ လူနာတင်ယာဉ်တွေဟာ စစ်ရေးနှင့် မသက်ဆိုင်ဖို့ပဲလိုပါတယ်။ အဲဒါမျိုးပတ်သက်မှုမရှိရင် စစ်ကောင်စီဖက်ကလည်း အသုံးချနေတာ အသွင်ယူနေတာမျိုးမရှိရင် လွတ်လပ်စွာ သွားလာခွင့် ကုသခွင့်တွေ အပြည့်အဝရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဂျီနီဗာ သဘောတူညီချက်အရလည်း ကြက်ခြေနီ အမှတ်အသားပါ သူနာတင်ယာဉ်များ သို့မဟုတ် ဆရာဝန်များကို တိုက်ခိုက်မှုကို တားမြစ်ခြင်း ပါဝင်သည်။ ယာယီစစ်ပြေငြိမ်းခြင်း အမှတ်အသားပြ အလံအဖြစ် ယူဆထားသော အလံဖြု ကိုင်ဆောင်ထားသော လူတစ်ဦး သို့မဟုတ် ယာဉ်တစ်စီးကို ပစ်ခတ်ခြင်းကိုလည်း တားမြစ်ထားသည်။ အကြောင်းမှာ အလံဖြူကိုင်ဆောင်ခြင်းသည် လက်နက်ချရန် သို့မဟုတ် အဆက်အသွယ် ပြုလုပ်ရန် ရည်ရွယ်ချက်ကို ရည်ညွှန်းသောကြောင့်ဖြစ်သည်။

သို့သော်ကြက်ခြေနီအဖွဲ့ သို့မဟုတ် အလံဖြူအမှတ်အသားအားဖြင့် ကာကွယ်မှုရထားသော လူပုဂ္ဂိုလ်များသည် ဆက်လက်၍ ကြားနေသဘောထား ထားရှိမည်ဖြစ်ပြီး စစ်ဖြစ်ပွားမှုကဲ့သို့သော လုပ်ဆောင်မှုများတွင် မပါဝင်ရပေ။ အလံဖြူ သို့မဟုတ် ကြက်ခြေနီ အကာအကွယ်အောက်တွင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် စစ်ဥပဒေကို ချိုးဖောက်မှု တစ်ရပ်ပင်ဖြစ်ကြောင်းလည်း သတ်မှတ်ထားသည်။

သတိပေးစာထုတ်ခံရသည့် နာရေးကူညီမှုအသင်းတစ်ခု၏ တာဝန်ခံကမူ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သကဲ့သို့ စစ်ကောင်စီအား ကူညီပေးနေခြင်းမရှိဘဲ ထင်ယောင်ထင်မှား သတင်းများအကြား ကြားညပ်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ပရဟိတလုပ်ငန်းဆိုတာ ဘယ်သူတွေ အကူအညီတောင်းတောင်း ကူညီပေးရမှာပဲလေ၊ ဒါပေမဲ့ အခုအခြေအနေက ဒီဘက်(စကစ)ဘက်ကိုလည်း အကူအညီပေးလို့မရဘူး၊ ဟိုဘက်(PDF)ဘက်ကိုလည်း အကူအညီပေးလို့မရဘူး၊ တစ်ဖက်ဖက်ကို အကူအညီပေးလိုက်ရင် ထိမှာပဲ၊ တစ်ဖက်ကလည်း ပစ်မှတ်ထားခံထိ(ရ)တာပေါ့”ဟု အဆိုပါ အသင်းတာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သကဲ့သို့ စစ်ကောင်စီအား အားပေးကူညီမှုများရှိနေပါက မည်သည့်အဖွဲ့က မည်ကဲ့သို့ကူညီနေသည်ဆိုသည့်အချက်များဖြင့် တိတိကျကျထုတ်ပြန်သင့်ကြောင်း ၎င်းက ဆိုသည်။

“ခုလိုအခြေအနေမျိုးမှာ လုပ်နေတဲ့ ပရဟိတအသင်းတွေဆိုရင် စကစဘက်က အမြဲစောင့်ကြည့်ခံနေရတာမျိုးရှိတယ်။ အချို့အသင်းသားတွေဆိုရင် ခေါ်စစ်ဆေးခံရတာမျိုးတောင် ကြားရသေးတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၏  ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)လုပ်ငန်း လမ်းညွှန်တွင်  အများပြည်သူ ဆေးဝါးကုသမှုခံယူခွင့်အတွက် လူနာတင်ယာဉ်များ အပါအဝင် ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို အပြည့်အဝ အကာအကွယ်ပေးထားသည်။

လူနာတင်ယာဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်နေရာများ၊ ကျန်းမာရေးစောင့်ရှောက်ကုသပေးနေသူများ ၊လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မလုပ်ရဟု တိတိကျကျ ထုတ်ပြန်ထားသည်။

အသက် ၅၀ ကျော်အရွယ် မြိတ်မြို့ခံတစ်ဦးကလည်း နာရေးကူညီမှုအပါအဝင် ပရဟိတအဖွဲ့များမှာ နီးရာဓားကြောက်နေရသည့် အခြေအနေဖြစ်နေပြီး ညှိနှိုင်းလုပ်ဆောင်နေရသည်ဟုမြင်ကြောင်း ပြောသည်။

ဒေသခံများအတွက်မူ အဆိုပါပရဟိတအသင်းအဖွဲ့များမရှိတော့ပါက ကျန်းမာရေးကဏ္ဏတွင် လက်ရှိအခြေအနေထက် ပိုပြီးအခက်တွေ့လာနိုင်ကြောင်း ၎င်းကဆိုသည်။

“နာရေးကူညီမှုအသင်းတွေက ဘယ်နေရာ ဘယ်ဒေသက ရောက်လာတဲ့သူဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် သူတို့လုပ်ရမယ့် ဝတ္တရားအရ ကူညီလုပ်ဆောင်သွားတာပဲ၊ ဆိုတော့ ပရဟိတအသင်းတွေက အရေးကြီးတယ်၊ မရှိတော့ဘူးဆိုရင် လူနာတွေအတွက် သွားရေး လာရေးကအစ ‌အတော်ခက်ခဲသွားမှာ။ မလိုအပ်ပဲ ဆေးရုံမမီလို့ အသက်ဆုံးသွားရတဲ့သူတွေလည်း ရှိလာနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ဂျီနီဗာသဘောတူညီချက်တွင်လည်း လူနာတင်ယာဉ်၊ ဆေးရုံ၊ ဓါတ်ခွဲခန်း၊ ဆေးဝါးပစ္စည်းသိုလှောင်ရုံ၊ ရွေ့လျားနိုင်သော ကွင်းဆင်းဆေးရုံ၊ ရှေးဦးပြုစုရေးဆိုင်ရာ ဆေးဝါးပစ္စည်းပို့ဆောင်မှုများကို အကာအကွယ်ပေးရမည်ဟု ပြဌာန်းထားသည်။

ယင်းအပြင် စစ်ပွဲအတွင်း ဒဏ်ရာရထားသည့် ရန်သူ့စစ်သား၊ အညံ့ခံလာသော စစ်သားနှင့် စစ်ပွဲအတွင်း မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို အပြည့်အဝ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဂျနီဗာကွန်ဗင်းရှင်းနှင့် လူသားခြင်းစာနာမှု ဥပဒေများအရ နိုင်ငံရေး အယူအဆကွဲပြားသည့်တိုင် ဆေးကုသခွင့် ရှိသည်ဟု ဆိုထားသော်လည်း လက်တွေ့မြေပြင်တွင်မူ ဒဏ်ရာရလူနာများ ဆိုပါက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသဖြင့် အရေးပေါ်လူနာသယ်ယာဉ်များမှာ သယ်ဆောင်ရခက်ခဲသည့် အခြေအနေမျိုးရင် ဆိုင်နေကြရသည်။

မည်သည့်လက်နက်ကိုင်မှ မဟုတ်သည့် သာမန်ပြည်သူပင် သွေးထွက်သံယိုတစ်ခုခု ဖြစ်ပါက ဆေးဝါးကုသရန်အတွက် လူနာတင်ယာဉ်များက မလိုက်ရဲကြသည့် အဖြစ်မျိုးပင် ကြုံနေရသည်။

လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေသများ၊ စစ်ဥပဒေသများ မည်သို့ပင် ပြဌာန်းထားသည်ဆိုသော်လည်း လက်တွေ့မြေပြင်တွင် ပြည်သူများနှင့် ပရဟိတသမားများမှာ ခြိမ်းခြောက်မှုများစွာဖြင့် ဖြတ်သန်းနေရကြောင်းကို ကိုအာကာက ယခုလိုဆိုလိုက်သည်။

“အရေးပေါ် အသက်လုရမယ့်လူနာတွေဆို သေတာကို ထိုင်စောင့်နေရမှာပဲ။ သွားလို့မှ မရတာကိုး။ ဂျနီဗာကွန်ဗင်းရှင်းတွေဆိုတာက စာအုပ်ထဲမှာပဲရှိတယ်”