တနင်္သာရီတိုင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ဖူးခက်တွင် ကျင်းပမည်

0
1171
ပုံစာ - ယမန်နှစ်က စူရတ်ဌာနီတွင် ကျင်းပခဲ့သော ရန်ပုံငွေဘောလုံးပြိုင်ပွဲ

တနင်္သာရီတိုင်းအတွက် လူသားချင်းစာနာကူညီစောင့်ရှောက်‌ရေး ရန်ပုံငွေဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း၊ တိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။

တိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဒေသအတွင်း အခက်အခဲဖြစ်နေသော အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ ဖူးခက်မြို့ရှိ စမ်းကော်ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောသည်။

“ပြည်တွင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ တတ်စွမ်းသမျှ ပါဝင်မယ်ပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယမန်နှစ်က စူရတ်ဌာနမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဖူးခက်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါဝင်ယှဉ်ပြိုင်မည့် အသင်းများသည် အသင်းဝင်ကြေးအနေဖြင့် ဘတ် ၄၅၀၀ ဖြင့် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် နောက်ဆုံးထား စာရင်းပေးကြရန် ကြေညာထားသည်။

ပြိုင်ပွဲဝင်မည့် အသင်းများတွင် အသင်းဝင် ၁၅ ဦးအထိ သတ်မှတ်ထားသော်လည်း အသင်းဝင် ၇ ဦးနှင့်အထက်ရှိသော အသင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ကွန်ရက်ထံမှ သိရသည်။

ရန်ပုံငွေဘောလုံးပွဲဖြစ်သဖြင့် အသင်းဝင် အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ အသင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ကွန်ရက်ထံမှ သိရသည်။

ပြိုင်ပွဲတွင် ပထမဆုအနေဖြင့် ဘတ် ၅၀၀၀ နှင့် ဆုဖလား ဆုတံဆိပ်များ၊ ဒုတိယဆုတွင် ဘတ် ၃၀၀၀ နှင့် ဆုဖလား ဆုတံဆိပ်များ၊ တတိယဆုတွင် ဆုဖလားများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကွန်ရက်ထံမှ သိရသည်။