တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1387

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ

တရုတ်ထုတ် ဈေးသက်သာသော စားပွဲထိုးစက်ရုပ်တွေကြောင့် တောင်ကိုရီးယားကုမ္ပဏီတွေ စိုးရိမ်နေ

တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ ဈေးပေါတဲ့ စားပွဲထိုးစက်ရုပ်တွေ တောင်ကိုးရီးယားဈေးကွက်ထဲ ဝင်ရောက်လာနေလို့ နည်းပညာကုမ္ပဏီတွေ စိုးရိမ်မှု မြင့်တက်လာနေခဲ့ပါတယ်။

တရုတ်စက်ရုပ်တန်ဖိုးဟာ တောင်ကိုရီးယားစက်ရုပ်တွေထက် ၅ဆအထိ ဈေးပိုသက်သာနေတာပါ။

တရုတ်ဟာ စားပွဲထိုးစက်ရုပ်တရုပ်ကို ဝမ် ၁၀ သန်းကနေ ၃၀ သန်း (ဒေါ်လာ ၇၅၀၀-၂၂၅၀၀) နဲ့ရောင်းချပေးနေခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုးရီးယားမှာ လုပ်သားအင်အားရှားပါးလာနေလို့ စားသောက်ဆိုင်တွေမှာ စက်ရုပ်စားပွဲထိုး ၅၀၀၀ လောက် အသုံးပြုနေကြပါတယ်။

တောင်ကိုးရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ တရုတ်စက်ရုပ်တွေကို အရည်အသွေးပိုကောင်းတဲ့ စက်ရုပ်တွေနဲ့ ယှဉ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပေပဲ့ လွယ်တော့ မလွယ်ကူလောက်ဘူးလို့ ဆိုထားပါတယ်။

Ref: South China Morning Post

………………………………..

ပါကစ္စတန်မှာ လျှပ်စစ်မီတာခတိုးမြှင့်လို့ ဆန္ဒပြ

ပါကစ္စတန်မှာ လျှပ်စစ်မီတာခတွေ တက်လာလို့ မီတာခတောင်းခံလွှာတွေကို မီးရှို့ပြီး ပြည်သူတွေက ပြီးခဲ့တဲ့ အပတ်နေစပြီး ဩဂုတ်လ ၃၀ ရက်နေ့မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

မီတာခတွေက ယခင်နှစ်ထက် ၂ ဆလောက်တက်လာပြီး လောင်စာဈေးနှုန်းကလည်း ၁၅၀ ရာခိုင်နှုန်းလောက်အထိ တက်လာတယ်လို့ ဆိုထားပါတယ်။

ကရာချိ၊ လားဟိုး၊ ပီရှားဝါး၊ မူလ်တန်၊ ရာဝါလ်ပင်ဒိနဲ့ အစ္စလာမ္မာဘတ် မြို့ကြီးတွေ အပါအဝင် မြို့အတော်များများမှာ ဩဂုတ်လ ၂၅ ရက်ကနေစပြီး ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာပါ။

လျှပ်စစ်မီတာခတွေ ပြန်လျှော့ချရေး တိကျတဲ့ လုပ်ငန်းစဉ်တွေတင်ပြဖို့ လျှပ်စစ်ဝန်ကြီးဌာနကို အချိန်ပေးထားခဲ့တယ်လို ဝန်ကြီးချုပ်ရုံးက ပြောကြားထားပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ငွေဖောင်းပွမှု ၂၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာကြောင့် ပါကစ္စတန်ငွေတန်ဖိုးလည်း ကျဆင်းလာနေခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အာဖဂန်အမျိုးသမီးများကို ပန်းခြံ လည်ပတ်ခွင့် တားမြစ်

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ ခေါင်းစည်းပုဝါကို စနစ်တကျ ဝတ်ဆင်မထားဘူးဆိုရင် အများပြည်သူသွားလာတဲ့ နိုင်ငံပိုင်ဥယျာဉ်တွေကို လည်ပတ်ခွင့်မရှိဘူးလို့ တားမြစ်လိုက်ပါတယ်။

တာလီဘန်ဝန်ကြီးတစ်ဦးက Bamiyan ပြည်နယ်အလယ်ပိုင်းရှိ နာမည်ကြီးပန်းခြံ Band-e-Amir ကို လာရောက်လည်ပတ်ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ရှုခင်းတွေကြည့်ဖို့အတွက် အလည်ထွက်တာမျိုးက အမျိုးသမီးတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။

အမျိုးသမီးတွေကို ပန်းခြံထဲ မဝင်နိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကို တာဝန်ပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တာလီဘန်တွေက အမျိုးသမီးတွေရဲ့ ပညာသင်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်လှောင်ထားရုံသာမဟုတ်ဘဲ ပန်းခြံတွေ အားကစားကွင်းတွေကို သွားလာတာကို တားမြစ်လာခဲ့ပါတယ်။

Ref: BBC

………………………………..

ဖူကူရှီးမားက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေ အန္တရာယ်မရှိဟုဆို

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူးကလီယား ဓာတ်အားပေးစက်ရုံက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေထဲမှာ ရေဒီယိုသတ္တိကြွ ပါဝင်မှုနှုန်းက ခန့်မှန်းထားတဲ့အဆင့်ထိသာပါဝင်ပြီး လူထုအတွက် အန္တရာယ်မရှိဘူးလို့ ဆိုလိုက်ပါတယ်။

ဒါကို ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီရဲ့အကြီးအကဲက ဩဂုတ်လ ၂၉ ရက်နေမှာ ပြောကြားလိုက်တာပါ။

ပထမအကြိမ် ရေဆိုးစွန့်ထုတ်မှုမှာဆိုရင် ဘေးဖြစ်စေလောက်တဲ့အဆင့်ထိ ရေဒီယိုသတ္တိကြွဓာတ် ပါဝင်မှုမရှိဘူးဆိုတာကို အတည်ပြုနိုင်တယ်လို့ ပြောကြားလိုက်တာပါ။

၁၂ နှစ်ကြာ သိုလှောင်ထားတဲ့ ဖူကူရှီးမားက ရေဆိုးတွေကို ပစိဖိတ်သမုဒ္ဓရာထဲ ပြီးခဲ့တဲ့ အပတ်ကနေ စပြီး စွန့်ထုတ်နေတာပါ။

အစပိုင်းကတော့ မျှော်မှန်းထားတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်ပေမဲ့ ရေဆိုးတွေ အပြီးသတ် စွန့်ထုတ်တဲ့အချိန်ထိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီကိစ္စကြောင့် တရုတ်က မကျေမနပ်ဖြစ်ပြီး ဂျပန်ကနေ ပင်လယ်စာတင်သွင်းမှုကို ဆိုင်းငံ့ထားပါတယ်။

Ref: Alarabiya

………………………………..

ဂါဘွန်နိုင်ငံမှာ စစ်တပ်အာဏာသိမ်း

ဗဟိုအာဖရိက နိုင်ငံတခုဖြစ်တဲ့ ဂါဘွန် (Gabon) မှာ သမ္မတ Ali Bongo ရဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

အာဏာသိမ်းမှုကို စစ်တပ်အရာရှိ အဖွဲ့တဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့မှာ ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ သမ္မတ Bongo အစိုးရ အနိုင်ရတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး သိပ်မကြာခင်မှာပဲ အာဏာသိမ်းခံရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ဟာ တရားမဝင်ဘူးလို့လည်း အာဏာသိမ်း စစ်တပ်က ပြောကြားလိုက်ပါတယ်။

အစိုးရအဖွဲ့အစည်း အားလုံးကို ဖျက်သိမ်းလိုက်တဲ့အကြောင်းနဲ့ နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မခြင်း နယ်စပ်တွေကို ပိတ်ထားတဲ့အကြောင်းကြေညာထားပါတယ်။

Ref: CNN

………………………………..

တရုတ်မြေပုံသစ်ကို အိန္ဒိယက ပြင်းပြင်းထန်ထန် ကန့်ကွက်

အိန္ဒိယက သူတို့ပိုင်တဲ့နယ်မြေကို တရုတ်မြေပုံထဲမှာ ထည့်ထားတဲ့အတွက် တရုတ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ တုန်းက အိန္ဒိယနဲ့တရုတ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနားက နယ်မြေကိုပါ တရုတ်က မြေပုံထဲ ထည့်သွင်းထားတာပါ။

ဒီလိုတရုတ်ဘက်က လုပ်ဆောင်တာဟာ နယ်စပ်အဖြေရဖို့ ပိုပြီး ရှုပ်ထွေးသွားစေတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

တရုတ်မြေပုံထဲက နယ်မြေ ၂ ခုဟာ အိန္ဒိယပိုင်ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။

ပထမနေရာကတော့ အိန္ဒိယအရှေ့မြောက်ဘက် အရူနာချဲလ် ပရာဒက်ရှ် (Arunachal Pradesh) ပြည်နယ်ထဲမှာရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ဒုတိယကတော့ တိဘက်နဲ့တရုတ် အနောက်ပိုင်းကိုဆက်ထားတဲ့ မြင့်မားတဲ့ တောင်တန်းဖြစ်တဲ့ အက်ဆိုင်ချင်း Aksai Chin နယ်မြေဖြစ်ပါတယ်။

အဆိုပါမြေပုံအသစ်နဲ့ပက်သက်လို့လည်း တောင်တရုတ်ပင်လယ်အရေး မလေးရှားနဲ့ ဖိလစ်ပိုင်တို့က ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။

Ref: DW

………………………………..

တောင်အာဖရိက အဆောက်အဦး မီးလောင်မှု လူ ၇၀ ကျော်သေဆုံး

တောင်အာဖရိကနိုင်ငံ Johannesburg မြို့က ယိုယွင်းနေတဲ့ ၅ ထပ်တိုက်တစ်ခုမှာ ဩဂုတ်လ ၃၁ ရက်နေ့က မီးလောင်ခဲ့လို့ လူ ၇၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

လူ ၅၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး သေဆုံးသူတွေထဲ ကလေးငယ် ၁၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။

မီးငြိမ်းသွားတဲ့ အဆောက်အဦးထဲမှာ ကူညီကယ်ဆယ်ရေးတွေ ရှင်းလင်း ရှာဖွေခဲ့ကြပြီး နောက်ထပ် သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ အိမ်ခန်း မငှားနိုင်သူတွေ နေထိုင်ကြတဲ့ အဆောက်အဦးဟောင်းထဲက အရေးပေါ်လမ်းကြောင်းတွေ ထွက်ပေါက်တွေ ပိတ်နေလို့ သေဆုံးမှုတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။

အများစုက မီးခိုးငွေ့တွေ ရှုရှိုက်မိလို့ သေဆုံးခဲ့ကြတာပါ။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ အာဏာပိုင်တွေ စုံစမ်းနေဆဲဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ခရမ်းချဉ်သီးပစ်ပေါက်ပွဲကို စပိန်တွင် ကျင်းပ

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Tomatina လို့ခေါ်တဲ့ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲကို စပိန်နိုင်ငံ ဘူနော်မြို့မှာ ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မှည့်နေတဲ့ ခရမ်းချဉ်သီးတွေကို ထရမ့်ကားတွေနဲ့ သယ်ဆောင်လာပြီးတော့ လမ်းမလယ်မှာ ပစ်ပေါက်ကျင်းပခဲ့ကြတာပါ။

ခရီးသွားတွေပါ ပါဝင်ခဲ့တဲ့ လူပေါင်း ၁၅၀၀၀ လောက်က ဒီခရမ်းချဉ်သီးတွေကို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ပစ်ပေါက်ကာ ပွဲတော်ကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲတော်ကို ၁၉၄၅ ခုနှစ်တည်းက စတင်ကျင်းပခဲ့ပြီး ရွာသားတွေကြား မုန့်လုစား စကားများကြရင်း ပေါ်ပေါက်လာတာလို့ ယူဆကြပါတယ်။

Ref: AP

………………………………..

အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်

ပြင်းအားအဆင့် ၃ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း အီဒါးလီယားဟာ ဩဂုတ်လ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ဒီမုန်တိုင်းဟာ နှစ်ပေါင်း ၁၂၅ နှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး တစ်နာရီလျှင် ၁၂၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့တာပါ။

မုန်တိုင်းတိုက်ခတ်စဉ်မှာလည်း မိုးရေချိန် ၁၀ လက်မအထက် ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့် အိမ်ပေါင်း ၁၇၅၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

ရေကြီးမှုကြောင့်လည်း စီးပွားရေးလုပ်ငန်းပေါင်း ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်

Ref: REUTERS

………………………………..

အာဖဂန်နစ္စတန်မှာ ဒေါ်လာ ၆ ဘီလီယံခွဲကျော်တန်ဖိုးရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို သဘောတူ

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်တွင်းနဲ့ တရုတ်၊ အီရန်၊ တူရကီနိုင်ငံတွေက ကုမ္ပဏီတွေကို ဒေါ်လာ ၆ ဘီလီယံခွဲကျော်တန်ဖိုးရှိတဲ့ သတ္တုတူးဖော်ခွင့် ကန်ထရိုက်လုပ်ငန်းတွေချထားပေးဖို့ သဘောတူခဲ့ကြပါတယ်။

အာဖဂန်ပြည်နယ် ၄ ခုမှာ ရွှေ၊ ကြေးနီ၊ သံ၊ ခဲနဲ့ သွပ်တူးဖော်ရေးနဲ့ သန့်စင်ရေးလုပ်ငန်းတွေ လုပ်ကိုင်မယ့် ကန်ထရိုက်လုပ်ငန်း ၇ ခု ကို လက်မှတ်ထိုးခဲ့တာပါ။

ဒေါ်လာ ၆ ဘီလီယံခွဲကျော် ရင်းနှီးမြှုပ်နှံမှုကနေ အာဖဂန်မှာ အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖန်တီးပေးနိုင်မှာလို့ တာလီဘန်ဝန်ကြီးက ဆိုပါတယ်။

Takhar ဒေသမှာ ရွှေတူးဖေါ်ခွင့်ပေးထားတ့ တရုတ်ကုမ္ပဏီကနေ တာလီဘန် အစိုးရအတွက် ၅ နှစ်အတွင်း ၆၅ ရာခိုင်နှုန်း အစုရှယ်ယာခွဲဝေပေးမယ်လို့ ပြောကြားထားပါသေးတယ်။

Ref: VOA

………………………………..