ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း ၂ ခုကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်

0
1310
ပုံစာ - ဩဂုတ်လ ၂၈ ရက် စစ်ဆင်ရေးအတွင်း မြင်တွေ့ရသည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များ ဓာတ်ပုံ - မွန်ပြည်တော်လှန်ရေးတပ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်း ၂ ခုကို ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက မောင်းသူမဲ့လေယာဉ် SF-Z ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေး ပူးပေါင်းလုပ်ဆောင်ခဲ့သည့် တော်လှန်ရေးအဖွဲ့များက ပူးတွဲထုတ်ပြန်သည်။

မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများ၏ မိုးကြိုးစစ်ဆင်ရေးအမှတ် ၂ အဖြစ် စစ်ကောင်စီ၏ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် အမှတ် (၆၁) ခြေလျင်တပ်ရင်းတို့ကို ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“လေယာဥ် ၃ စီးအသုံးပြုပြီး ၊ နေရာတခုမှာ ဗုံး ၂ လုံးစီချခဲ့နိုင်ခဲ့တယ်။ မိုးတအားကြီးလို့ ရာသီဒဏ်နဲ့ လေယာဥ်တစ်စီးကတော့ ပျက်စီးသွားတယ် “ ဟု ရေးလေတပ်တာဝန်ရှိသူက ပြောသည်။

ဗုံးကျဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရှိရသေးပေ။

တိုက်ခိုက်ရာတွင် အသုံးပြုသည့် မောင်းသူမဲ့လေယာဥ်များသည် လေယာဥ်ကိုယ်ထည် ဝယ်ယူ၍ နည်းပညာပိုင်းဆိုင်ရာ ပြန်လည်မွမ်းမံကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရေးတွင် အသုံးပြုနေခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဇူလိုင်လဆန်းပိုင်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် တာဝန်ရှိသူက ပြောသည်။

မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများသည် ယခုနှစ်အတွင်း ပူးပေါင်း လေကြောင်း စစ်ဆင်ရေးအဖြစ် ဆောင်ရွက်နေသည်မှာ ၃ ကြိမ်ရှိပြီဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်တွင် ဘုရားသုံးဆူမြို့၊ မူဂျာထိပ်စခန်းကို မိုးကြိုးစစ်ဆင်ရေးအမှတ် ၁ အဖြစ် တိုက်ခိုက်ခဲ့သည်။