ပုလော ကြဲရွာသားတစ်ဦးအသတ်ခံရပြီး အော်သာရွာသားတစ်ဦးအဖမ်းခံရ

0
1254

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲရွာသားတစ်ဦး အသတ်ခံရပြီး အော်သာရွာသားတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ကြဲရွာနေ အသက် ၄၀ အရွယ် ဦးကျော်သူလွင်ဆိုသူ မီးလောင်ချောင်းကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့က အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မီးလောင်ချောင်းရွာရှိ ဦးလေးတော်စပ်သူ ဦးတင့်လွင်၏ ရော်ဘာခြံသို့ လာရောက်စဉ် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကော်ပတ်ချက်သမား (ရော်ဘာချက်သူ) တွေကို ကားနဲ့ လာပို့ချိန် အသတ်ခံရတာ” ဟု ၎င်းက ဆိုသည်။

ဦးကျော်သူလွင်သည် ကြဲရွာတွင် မနေသည်မှာ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ယခင်ကသွားလာဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဦးကျော်သူလွင် အသတ်ခံရပြီးနောက် မီးလောင်ချောင်းရွာရှိ ဦးတင့်လွင်၏ ခြံဝင်းအတွင်းရှိ ရော်ဘာဂိုဒေါင်၊ မိုင်းခံရုံနှင့် နေအိမ်ကိုလည်း အထက်ပါလက်နက်ကိုင်လူတစ်စုက မိုင်းခွဲမီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးတင့်လွင်သည်လည်း စစ်ကောင်စီသတင်းပေးဟု ရွာသားအချို့က ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်မပြုနိုင်သေးပေ။

ဦးကျော်သူလွင်ကို မည်သူတို့က မည်သည့် အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ယင်းအပြင် ယနေ့ ဩဂုတ်လ ၂၈ရက် မွန်းလွှဲပိုင်းတွင်လည်း အော်သာကျေးရွာသားတစ်ဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရွာသားမှာလည်း ဒလန်ဟု သတင်းထွက်ပြီး ဖခင်ဖြစ်သူမှာလည်း ဒလန်လုပ်သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ်က အသတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသား ဖမ်းဆီးခံရပြီးနောက် အော်သာရွာနှင့် မော်ကြောင်းရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ရွာသားချို့ကို ရှာဖွေနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

သို့သော် အထက်ပါအမျိုးသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးပေ။