တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးထိမှန်ပြီး ရဲတပ်သားတစ်ဦး၏ မိခင်ဒဏ်ရာရ

0
1224

မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးကျည်ထိမှန်ပြီး မောတောင်ရဲစခန်းက ရဲတပ်သားတစ်ဦး၏ မိခင် ဒဏ်ရာရကာ ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂၈ရက် ည ၇ နာရီဝန်းကျင်က တပ်ဦးရပ်ကွက်တွင်ရှိသည့် ရဲတပ်သား၏ မိခင်နေအိမ် လက်နက်ကြီး ကျည် ထိမှန်ပြီး ရဲတပ်သား၏မိခင် အသက် ၅၉နှစ်ရှိ ဒေါ်ညွန့် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

“သူအိမ်မှာ လက်နက်ကြီးလာကျပြီး ထုတ်တန်းပြုတ်ကျပြီး ရိုက်မိတာ နဖူးမှာ ဒဏ်ရာရသွားတယ်။ တော်သေးတယ်။ လက်နက်ကြီးက မပေါက်ဘူး။ ပေါက်ရင် သေပြီ” ဟု အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးကျည်မှာ အိမ်နံဘေးရှိ မြေကြီးသို့ ကျရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအမျိုးသမီးကို ညတွင်းချင်း ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အဲဒီအမျိုးသမီးကြီးက ဈေးထဲမှာ ငါးရောင်းတယ်။သူ့သားကတော့ ရဲတပ်သား လက်ရှိ မောတောင်မှာ တာဝန်ကျနေတယ်” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၂၇ရက် ညပိုင်းတွင် တနင်္သာရီမြို့ လေသာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လယ်တောင်ရွာနှင့် ဗောဓိကမ်းအပါအဝင် ဘန်လောရွာဖက်သို့ လက်နက်ကြီးဖြင့် အချက်ရေ ၂ဝခန့်ပစ်ခတ်ပြီး လက်နက်ငယ်များ ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ပစ်ခတ်ရာမှ မြို့စွန်ရပ်ကွက်ဖြစ်သည့် တပ်ဦးရပ်ကွက်အတွင်းသို့လည်း လက်နက်ကြီးကျည် သုံးလုံးကျရောက်ခဲ့ခြင်းကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်းပစ်တာ။ (PDF တွေ) မြို့အနားကပ်လာမှာ ကြောက်လို့လည်း ဖြစ်နိုင်တယ်” ဟု ဒေသခံ နောက်တစ်ဦးက ပြောဆိုသည်။

လက်နက်ကြီး ကျရောက်ထိမှန်ခြင်းကြောင့် ဘန်လောရွာတွင်လည်း နေအိမ်နှစ်ဆောင်လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင်မူ ဒဏ်ရာရသည့် ဒေါ်ညွန့် ဆေးရုံကပြန်ဆင်းလာပြီး နေအိမ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက တနင်္သာရီနှင့် ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသလို တိုက်ပွဲမဖြစ်ဘဲလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာများသို့ မကြာခဏ ပစ်ခတ်လေ့ ရှိသည်။