ပိုမိုဆိုးရွားလာသော လေထုညစ်ညမ်းမှု နှင့် ဂျကာတာ

0
1587

မကြာသေးမီလများအတွင်း အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကြောင့် မြို့တော်တွင်း ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာ များနှင့် ကျောင်းသားများအတွက် သင်ကြားရေးလုပ်ငန်းစဉ်များကို နေအိမ်မှသာ ဆောင်ရွက်ရန် ဂျကာတာ အစိုးရက တိုက်တွန်း ဆောင်ရွက်နေသည်။

အဆိုပါ အမိန့်ထုတ်ပြန်မှု သည် မြို့တော်ကို ကာလအတန်ကြာ အသက်ရှုကြပ်စေ​သော ပြင်းထန် လေထုညစ်ညမ်းမှုကို တားဆီးရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ရပ် အဖြစ်  လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir မှ ပြုစုထားသော အချက်အလက်များအရ ဂျကာတာသည် ကမ္ဘာတစ်ဝှမ်း လေထုညစ်ညမ်းမှု အရှိဆုံး မြို့ ဆယ်မြို့ တွင် မေလမှစတင်၍ ယခုအချိန်အထိ ဆက်တိုက်ပါဝင်နေသည်။

ကာလကြာရှည်လာသည့် ခြောက်သွေ့ရာသီတွင်း လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာမှု နှင့် ပတ်သက်ပြီး  မော်တော်ယာဉ်များနှင့် စက်မှုလုပ်ငန်းများကို အာဏာပိုင်များက အပြစ်တင်ခဲ့သည်။

ပြင်းထန်လာသည့် လေထုညစ်ညမ်းမှုကြောင့် အဆိုပါ မြို့တွင်း ရုံးဝန်ထမ်းများ၏ ၅၀ ရာခိုင်နှုန်းကို ယခုသီတင်းပတ်အတွင်း နေအိမ်မှတစ်ဆင့် အလုပ်တက်ရန် မူဝါဒကို အောက်တိုဘာ ၂၁ ရက်အထိ ချမှတ်သွားမည်ဖြစ်ကြောင်း ဂျကာတာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းအေဂျင်စီ ယာယီ အကြီးအကဲ Sigit Wijatmoko က ပြောကြားခဲ့သည်။

“ယခု အစီအစဥ်သည် အများသူငှာကို တိုက်ရိုက်ဝန်ဆောင်မှု မပေးရသော ဝန်ထမ်းများအတွက်သာ သက်ဆိုင်လိမ့်မည်” ဟု Sigit က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ “နေအိမ်မှတဆင့် အလုပ်တက်သည့် ယခု စနစ်သည် အများသူငှာဝန်ဆောင်မှုများကို မထိခိုက်စေရန် ကျွန်ုပ်တို့အနေနှင့် သေချာအောင် စီမံသွားပါမည်။”

မြို့တော် ဂျကာတာ တွင် နေ့စဉ် ရုံးတက်အလုပ်လုပ်ကိုင်ရသည့် ဝန်ထမ်း ၂၀၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများ ဖြစ်သည်။ ထို့နောက် နေအိမ်မှ အလုပ်တက်ရသည့် မူဝါဒကို မကြာမီ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပသွားမည့် နေရာအနီးတဝိုက် တွင် ရုံးတက်ကြရသည့် မြို့ပြအရာရှိများ၏ ၇၅ ရာခိုင်နှုန်းအထိ လိုက်နာကျင့်သုံးကြရန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Sigit က ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို မြို့တော် ၏ တောင်ပိုင်းရှိ ဂျကာတာကွန်ဗင်းရှင်းစင်တာတွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။ မြို့တော်စီမံအုပ်ချုပ်ရေး အနေနှင့် ယင်းကာလ အတွင်း  ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာအနီးရှိ ကျောင်းများမှ ကျောင်းသား ၅၀ ရာခိုင်နှုန်းအတွက် အဝေးသင် ပညာရေးကာလအဖြစ် အကောင်အထည်ဖော်ရန် စီမံချမှတ်သွားမည်ဖြစ်သည်။

Thamrin-Sudirman ဧရိယာတဝိုက် အပြင် ဂျကာတာအလယ်ပိုင်းရှိ Menteng နှင့် ဂျကာတာတောင်ပိုင်းရှိ Kuningan စသည့် ဧရိယာများ ရှိ စာသင်ကျောင်းများ အပေါ် အဆိုပါ မူဝါဒ ကို အဓိက ကျင့်သုံးစေမည် ဖြစ်သည်။ ” (အာဆီယံ) ထိပ်သီးအစည်းအဝေး ပြီးတာနဲ့ ကျောင်းသားတွေ အနေနဲ့ ကျောင်းတွေဆီ အပြည့်အဝ ပြန်လာနိုင်ချေ ရှိပါတယ်” ဟု Sigit မှပြောကြားခဲ့သည်။

ဓာတ်ငွေ့ ထုတ်လွှတ်မှု ဆိုင်ရာ စမ်းသပ်ချက်များ

နေအိမ်မှတစ်ဆင့် အလုပ်လုပ်ခြင်းနှင့် ပညာသင်ယူခြင်းအပြင် ဂျကာတာမြို့၏ အုပ်ချုပ်ရေးယန္တရား သည် မြို့တော်အတွင်း မော်တော်ယာဥ်များ မှ ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ရာ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် ဗဟိုအစိုးရနှင့်လည်း လုပ်ဆောင်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ဝန်ထမ်းများ၏ မော်တော်ယာဉ်အားလုံးကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ဂျကာတာတောင်ပိုင်းရှိ အဆိုပါ ဝန်ကြီးဌာနရုံးသို့ ဝင်ရောက်သည့် ယာဉ်တိုင်းတွင် ဤစမ်းသပ်မှုကို တိုးချဲ့လုပ်ဆောင်မည်ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာန ၏ ဝန်ကြီး Siti Nurbaya Bakar က ဂျကာတာရဲတပ်ဖွဲ့ အနေနှင့် မြို့တော်အတွင်း ပြေးဆွဲနေသည့် ယာဉ်များကို ကျပန်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယာဉ်များအနေနှင့် အဆိုပါ စစ်ဆေးမှုများကို မအောင်မြင်ပါက သို့မဟုတ် ဓာတ်ငွေ့ထုတ်လွှတ်မှု ဆိုင်ရာ စမ်းသပ်မှု ကို မလုပ်ဆောင်ထားကြောင်း တွေ့ရှိရပါက ရဲအရာရှိများက သက်ဆိုင်ရာ ယာဉ်မောင်းအား ငွေဒဏ်ရိုက်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု စမ်းသပ်ခြင်း  ကို မော်တော်ယာဉ် မှတ်ပုံတင်လိုင်စင်ရရှိရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်  သတ်မှတ်ရန် လိုအပ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။

မြို့တော် ဂျကာတာ ၏ လမ်းများပေါ်တွင် သွားလာနေသည့် ကားအစီးရေ ၂၄.၅ သန်းကျော်ရှိပြီး အနီးနားရှိ မြို့များမှ နေ့စဉ် သန်းနှင့်ချီသော ယာဉ်များကလည်း ဝင်ထွက်သွားလာလျက် ရှိသည်။

Jakarta Environment Agency and Vital Strategies ၏ ၂၀၁၉ ခုနှစ် အတွက် သုတေသနပြုချက်အရ မော်တော်ယာဥ်များထံမှ ဓာတ်ငွေ့များ ထုတ်လွှတ်မှုသည် မြို့တော်၏ လေထု အပေါ် အကြီးမားဆုံး ညစ်ညမ်းမှုအရင်းအမြစ်ဖြစ်ပြီး ခြောက်သွေ့ရာသီအတွင်း လေထုညစ်ညမ်းမှု၏ ၅၇ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။

ဤသို့သော ညစ်ညမ်းမှုအရင်းအမြစ်ကို တားဆီးရန်အတွက် ဂျကာတာသည် ၂၀၂၀ ခုနှစ်မှစ၍ သက်တမ်း သုံးနှစ်အထက် မော်တော်ယာဉ်များကို ပိုင်ဆိုင်သူများ အား နှစ်စဉ် ဓာတ်ငွေ့ထုတ်လွှတ်မှု ဆိုင်ရာ စမ်းသပ်မှုတစ်ခုပြုလုပ်ရန် တိုက်တွန်းလျက် ရှိသည်။ သို့သော် မူဝါဒချမှတ်ဆောင်ရွက်မှု အားနည်းသည့် အတွက်  ဂျကာတာရှိ မော်တော်ယာဉ်အားလုံး၏ ၁၀ ရာခိုင်နှုန်းအထိသာ ယင်း စမ်းသပ်မှု ကို ပြုလုပ်ခဲ့ကြသည်။

အနီးတဝိုက် မြို့များထံမှ ဂျကာတာသို့ ဖြတ်သန်းသွားလာသော ယာဉ်တိုင်းသည် မြို့တော်၏ မဖြစ်မနေ ဓာတ်ငွေ့ထုတ်လွှတ်မှုစမ်းသပ်ခြင်းစည်းမျဉ်းကို လိုက်နာရသော်လည်း အဆိုပါ မြို့များ၏ သက်ဆိုင်ရာ အာဏာပိုင်များထံမှမူ အလားတူ စည်းမျဉ်းများကို ချမှတ်ထားခြင်း မရှိပေ။

၂၀၂၀ ခုနှစ် ဓာတ်ငွေ့ထုတ်လွှတ်မှုစမ်းသပ်ခြင်းဆိုင်ရာ မူဝါဒ အရ စမ်းသပ်မှု မအောင်မြင်သော ယာဉ်များအတွက် သတိပေးလက်မှတ်များမှ တစ်ဆင့် ပိုမိုမြင့်မားသော ယာဉ်ရပ်နားခများအထိ ပိတ်ဆို့အရေးယူမှုများ ပါဝင်သည်။ အဆိုပါ မူဝါဒ ကို တရားဝင် ပြဠာန်းကျင့်သုံးရန် ၂၀၂၁ ခုနှစ်အတွက် ကနဦး စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေ အပြင်  စမ်းသပ်မှု ဆောင်ရွက်နိုင်သည့် နေရာအရေအတွက် မလုံလောက်မှုကြောင့် နှောင့်နှေးခဲ့သည်။

စိတ်မပူရသော ကိန်းဂဏန်းများ

လေထုညစ်ညမ်းမှု ကြောင့် ကျန်းမာရေးထိခိုက်မှုကို လျော့ပါးစေရန်အတွက် မြို့တော်သည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဝင်ရောက်လာမှုကို ရင်ဆိုင်ရန် ၎င်း၏ ကျန်းမာရေး စောင့်ရှောက်မှုဌာနများကို ပြင်ဆင်ထားသည်။

ဂျကာတာမြို့တွင်း ဒေသအလိုက် Puskesmas ဟုရည်ညွှန်းသည့် လူထုကျန်းမာရေးစင်တာ ၂၀၀ ကျော်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများကို ကုသရန် ဆေးရုံ ၃၀၀ ကျော်ရှိကြောင်း ဂျကာတာကျန်းမာရေးအေဂျင်စီ ၏ ယာယီ အကြီးအကဲ Ani Ruspitawati က ပြောကြားခဲ့သည်။

IQAir ၏ တွက်ချက်မှုအရ မြို့တော်၏ လေထုအဆင့်သည် ကျန်းမာရေးနှင့်မညီညွတ်သော PM2.5 ညစ်ညမ်းမှုအဆင့် ကို ရောက်ရှိနေသည့် အတွက် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆိုးရွားလာသော ကျန်းမာရေးဆိုင်ရာ အခြေအနေများအပေါ် ဒေသခံများက မကျေနပ်ကြပေ။ PM2.5 သည် လေလမ်းကြောင်းအတွင်းသို့ စိမ့်ဝင်နိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေသော သေးငယ်သော အမှုန်များဖြစ်သည်။

ဂျကာတာ၏ လေထုညစ်ညမ်းမှုအဆင့် တိုးလာသည်နှင့်အမျှ ၎င်းတို့ထံတွင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုဆိုင်ရာ တိုင်ကြားမှုများဖြင့် လူနာအများအပြားကို ရရှိနေသည်ဟု ဒေသတွင်း အဆုတ်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်အချို့က အခိုင်အမာဆိုသည်။

ဒေါက်တာ Ani အနေနှင့်လည်း မြို့တော်တွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ တိုးလာကြောင်း အသိအမှတ်ပြုခဲ့သည်။ သို့သော် အဆိုပါ ကိန်းဂဏန်းများသည် စိုးရိမ်ဖွယ် မရှိကြောင်း ငြင်းဆိုခဲ့သည်။

ဂျကာတာ မြို့တွင်း ယခုနှစ်တွင် လစဉ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှု အရေအတွက် ၁၄၆,၀၀၀ ခန့် ရှိသည်။ အဆိုပါ အရေအတွက် သည် ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင်း မှတ်တမ်းတင်ထားသော အရေအတွက် နှင့် ဆင်တူသည်ဟု ဒေါက်တာ Ani က ဆိုသည်။

ဘာသာပြန် – ဒါလီ

Jakarta city employees, students told to work, study from home to curb air pollution by the Jakarta Post/ Asia News Network, published on the Straits Times ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။