၁၆ နှစ်အရွယ် ထိုင်းလူငယ်က ဖခင်ကားကို ခိုး၍ တရားမဝင်မြန်မာလုပ်သားများ ပို့ဆောင်စဉ် အဖမ်းခံရ

0
1232

ထိုင်းနိုင်ငံ အယုဒ္ဓယအဝေးပြေးလမ်းမပေါ်တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးက ဖခင်ကားကို ခိုး၍ မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်စဉ် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိခြင်းခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။

ယမာန်နေ့ ဩဂုတ်လ ၂၃ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ဘန့်ပအင်းဒေသရှိ အယုဒ္ဓယအဝေး‌ပြေး လမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များ စစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် များနေသော မင်္သကာစရာ ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ကားသည် အစစ်အဆေးမခံပဲ မောင်းပြေးသွားသဖြင့် ရဲတပ်ဖွဲ့က နောက်မှလိုက်၍ ရပ်တန့်ဖမ်းဆီးခဲ့ရကြောင်း ဖော်ပြထားသည်။

ကားထဲတွင် ထိုင်းနိုင်ငံသား အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးက ကားမောင်းနှင်လာခဲ့ပြီး အနောက်တွင် မြန်မာအလုပ်သမား ၁၄ ဦး လိုက်ပါလာခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများကို စစ်ဆေးရာ အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားအထောက်အထား မတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

အားလုံးသည် မြဝတီ-မဲဆောက်နယ်စပ် သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်၍ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး ကားဖြင့်ဝင်ရောက်လာစဉ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ‌ဖော်ပြထားသည်။

အဆိုပါခရီးစဉ်အတွက် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၃၀၀၀၀ အထိ ပေးချေထားခဲ့ပြီးဖြစ်ကြောင်း ဘာသာပြန်မှတစ်ဆင့် ဖြေကြားချက်များကို ဖော်ပြထားသည်။

အသက် ၁၆ နှစ်အရွယ် တာခ့်ဒေသခံ လူငယ်ကားသမားသည် မြန်မာအလုပ်သမားများကို ပထမဆုံးအကြိမ် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ငွေလိုအပ်နေသဖြင့် ဖခင်ဖြစ်သူ၏ ကားကို ခိုးကာ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

 ပွဲစားတစ်ဦးက ၎င်းကို ငွေလိုအပ်လျှင် ဘတ် ၁၅၀၀၀ ဖြင့် မြန်မာအလုပ်သမားများကို အယုဒ္ဓယသို့ ပို့ဆောင်ပေးရန် စေခိုင်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်အချိန်အထိ ပို့ဆောင်ရမည့် နေရာအတိအကျကို မသိရှိရသေးကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဘန့်ပအင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ကော့သောင်း-ရနောင်း နယ်စပ်လမ်းမှ တရားမဝင် ဝင်ရောက်လာသော ကားနှစ်စီးပေါ်မှ မြန်မာအလုပ်သမား ၁၀ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမား ၃ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

၎င်းတို့ကို စူရတ်ဌာနီသို့ ပို့ဆောင်နေစဉ် ရနောင်းခရိုင်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အားလုံးကို စုမ်စာရမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Ref: Matichon Online, Thairath, Khaosod Online