စစ်တပ်ကဖမ်းထားသည့် အရှေ့တောဒေသခံသုံးဦး ပြန်လွတ်လာ

0
1237

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံရွာသားသုံးဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ထားဝယ်မှ ပခပ်ရွာကိုရောက်ရှိလာသည့် စစ်ကောင်စီတပ်က ရမ္မဇူရွာသားတစ်ဦးနှင့် သရက်ငုတ်ရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ သင်္ကန်းတုံးရွာတွင် တစ်ညအိပ်ပြီးနောက် ဝကုန်းရွာဘက်ကို ဆင်းလာစဉ် တောလမ်းမှာတွေ့သည့် ခြံလုပ်ငန်းလုပ်ကိုင်သူ ရွာသားတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံရွာသား သုံးဦးကို စစ်ကြောင်းနှင့်အတူ မေတ္တာအထိ ခေါ်ဆောင်ကာ ၎င်းတို့၏ ကျည်ဆန်အိတ်များကို ထမ်းခိုင်းခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူ ရွာသားတစ်ဦးက ပြောသည်။

“သူတို့ပစ္စည်းတွေတော့ ထမ်းပြီးလိုက်နေရတယ်။ သူတို့ပစ္စည်းက ကျည်ဆန်တွေ။ သုံးယောက်လုံးကို အလယ်မှာထားပြီး သွားနေတာလောက်ပဲ၊ သူတို့ပြောတာကတော့ အခုသူတို့သွားနေတဲ့ လမ်းကြောင်းမှာ တွေ့တဲ့လူမှန်သမျှကို လုံခြုံရေးအရ ဖမ်းဆောင်တာလို့ပြောတယ်။ သေနတ်မှာရေးထားတာတော့ ၁၀၃ ဆိုရေးထားတယ်။ အခုသူတို့ခေါ်ဆောင်တဲ့ပုံစံက ပေါ်တာဆွဲတဲ့ ပုံစံမျိုးပဲ” ဟု ၎င်းက ဆိုသည်။

၎င်းတို့သုံးဦးကို ရိုက်နှက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းများမရှိဘဲ မေတ္တာအထိ ဖမ်းဆီးခေါ်ဆောင်ပြီး မနေ့က ညနေ ၄ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခြင်း မရှိဟုသိရသည်။