မော်တုန်းရွာတွင် ကျောင်းဝန်ထမ်းအမျိုးသမီးနှင့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
1372

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာတွင် စာသင်ကျောင်းအထွေထွေလုပ်သားအမျိုးသမီးနှင့် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့မော်တုန်းအုပ်စု၊ ထုံနွယ်ရွာတွင်နေထိုင်သည့် သက်လတ်ပိုင်းအရွယ် အထွေထွေလုပ်သား ဒေါ်သိန်းကြည် ဩဂုတ်လ ၂ဝရက် ည ၇ နာရီခန့်က ၎င်းတို့၏ နေအိမ်များတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပစ်သတ်ခံရတဲ့အမျိုးသမီးက ရွာမှာမနေဘဲ ရှောင်နေတာကြာပြီ။ အိမ်မှာ ပြန်လာအိပ်တာ နှစ်ညပဲရှိသေးတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တစ်ချိန်တည်း အနောက်စုရွာတွင် နေထိုင်သည့် အသက် ၄၀ အရွယ် ဦးအောင်ကိုဝင်းသည်လည်း နေအိမ်၌ ပစ်သတ်ခံရပြီး နေရာတွင်သေဆုံးကြောင်း ဒေသခံများက ဆိုသည်။

“လေးချက်ပစ်သွားတာ ဦးနှောက်မှာထိပြီးသေတယ်။ ဘယ်အဖွဲ့က လာပစ်သွားတယ်ဆိုတာ မသိဘူး” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောဆိုသည်။

၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။

ပစ်သတ်ခံရသည့် နှစ်ဦးစလုံးသည် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည်ဟု ဒေသခံအချို့က ပြောဆို ကြပြီး ယင်းပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းတို့နှစ်ဦး ပစ်သတ်ခံရပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့် ပစ်ခတ်ခဲ့သလို ယနေ့ညနေတွင်လည်း ထပ်မံပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနှင့် နေအိမ်ထိခိုက်မှု မကြားရသေးကြောင်း ဒေသခံများက ပြောသည်။

အရှေ့မော်တုန်းရွာ၏ တစ်ဖက်ကမ်း အနောက်မော်တုန်းရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားသည်ဟု ဆိုကာ ယင်းကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်။