ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ ကော့လှိုင်ရွာ တံတားငယ်ကျိုးပြီး လမ်းပိတ်

0
1684

ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က တံတားငယ် ယနေ့ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် မြေသားကျွံကျပြီး ကျိုးကျပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။

တံတားကျိုးကျသွားသောကြောင့် မည်သည့်ယာဉ်မှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံတို့က ဆိုသည်။

ကုန်ကားတစ်စီးဖြတ်သွားပြီးနောက် တံတားအောက်ရှိ သံပိုက်လုံးကျိုးကျပြီး မြေသားကျွံကျကာ တံတားကျိုးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ယင်းတံတားငယ်သည် ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ဆင်ရန်လိုအပ်နေပြီး ယခုရက်ပိုင်းအတွင်း ကတ္တရာလမ်း မြေသားနိမ့်ကျနေသည့်အတွက် သဲ၊ ကျောက်များဖြင့် ယာယီမြေဖို့ပြင်ဆင်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“တံတားကျိုးကျတဲ့အချိန်က ညနေစောင်းနေပြီဆိုတော့ ကားပိတ်နေတာ သိပ်မရှိသေးဘူး။ ကုန်တင်ကားတစ်စီး နှစ်စီးလောက်ပဲ ပိတ်မိနေသေးတယ်။ မနက်အထိ သွားလို့ရအောင်ပြင်ဆင်မှု တစ်ခုခုမလုပ်နိုင်ရင်တော့ မနက်ဖြန် ကားတွေ လာပိတ်မိနေလိမ့်မယ်” ဟု ဩဂုတ်လ ၂၁ ရက် ညပိုင်းအခြေအနေကို ကော့လှိုင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်မှ တနင်္သာရီတိုင်းသို့ ဝင်လာသည့် လမ်းပေါ်ရှိတံတားငယ် ကျိုးကျသွားခြင်းဖြစ်သဖြင့် ရန်ကုန်မှလာသည့်ကားများ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် တိုင်းအတွင်းရှိ မြို့များသို့ ဆက်သွားလာ၍ မရတော့ပေ။

ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ကလိန်အောင် ဆံတော်ရှင်ဘုရား တောင်တက်လမ်း မြေသားပြိုကျခဲ့ပြီး လမ်းယာယီပိတ်ဆို့ခဲ့သေးသည်။