ထိုင်းဝန်ကြီးချုပ်ရွေးမည့်နေ့ သက်ဆင်ပြည်တော်ပြန်

0
1350

ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရွေးချယ်ပွဲကျင်းပမည့် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်တော်ပြန်လာပြီဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် စင်ကာပူနိုင်ငံမှ ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် ၉ နာရီတွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒွန်မောင်းလေဆိပ်တွင် စောင့်ဆိုင်းနေသော ထောက်ခံသူများကိုလည်း သက်ဆင်က လက်ပြနှုတ်ဆက်ခဲ့ပြီး ထိုင်းဘုရင်ဓါတ်ပုံကိုလည်း ကန်တော့ခဲ့သေးသည်။

၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖြုတ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အကျင့်ဖျက်ချစားသည်ဆိုသော စွပ်စွဲချက်များကို ရှောင်လွှဲနိုင်ရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

ယခုပြည်တော်ပြန်လာပြီးနောက် သက်ဆင်ကို တရားရုံးချုပ်ကို တိုက်ရိုက်ခေါ်ဆောင်သွားမည်ဖြစ်ပြီး ထောင်ဒဏ် ၈ နှစ်အထိ ကျခံနိုင်သည့် တရားစွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော်လည်း အသက် ၇၀ ကျော်နေပြီဖြစ်သဖြင့် ကျန်းမာရေးအရ တော်ဝင်ခွင့်လွတ်မှုကို ရယူရန် ကြိုးစားနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကိုလည်း ယနေ့ လွှတ်တော်အစည်းအဝေးတွင် မဲပေးရွေးချယ်ကြမည်ဖြစ်ပြီး ဖွေထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့က စီးပွားရေးလုပ်ငန်းရှင် စေထာ ထဝိစင် (Srettha Thavisin) ကို အမည်တင်သွင်းသွားမည်ဖြစ်သည်။

ဖွေထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့တွင် စစ်တပ်ပါတီနှစ်ပါတီဖြစ်သော ပရာယွတ်၏ ယူနိုက်တက်ထိုင်းနေးရှင်းပါတီနှင့် ပရာဝိတ်၏ ပင်လောင်းပရာချာရတ်ပါတီများအပါအဝင် ပါတီ ၁၁ ပါတီအထိ ပါဝင်နေပြီး ထောက်ခံမဲ ၃၁၄ မဲရရှိနေပြီဖြစ်သည်။

Ref: Khaosod English, Thai Enquirer