ဘန်ကောက်တွင် ဆိုင်ကယ်စီးလာသော မြန်မာနှစ်ဦး မြေအောက်လျှပ်စစ်ပိုက်လိုင်းထဲပြုတ်ကျ

0
1389

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆိုင်ကယ်စီးလာသော မြန်မာနိုင်ငံသားနှစ်ဦးသည် လမ်းဘေးမြေအောက် လျှပ်စစ်သွယ်တန်းရေးပိုက်လိုင်းထဲ ပြုတ်ကျပြီး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ချာတူးချတ်နယ်မြေ လတ်ဖလောင်းလမ်းမပေါ်၌ ဩဂုတ်လ ၁၉ရက် နံနက် ၁နာရီကျော်တွင် မြေအောက်လျှပ်စစ်ကေဘယ်လ် စစ်ဆေးပြုပြင်နေကြောင်း ရေးသားထားသည်။

ယင်းသို့ ပြုပြင်နေချိန် မြန်မာနှစ်ဦးစီးလာသည့် ဆိုင်ကယ်သည် ရတ်ချဒါဖီးဆက်လမ်းမကြီးမှ လတ်ဖလောင်းလမ်းမကြီးသို့ အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ အတားအဆီးများကို ဝင်တိုက်ကာ ပိုက်လိုင်းအတွင်း ပြုတ်ကျသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြေအောက်လျှပ်စစ်ပိုက်လိုင်းသည် အမြင့်ပေ ၁၅ မီတာခန့်ရှိပြီး ယင်းပိုက်လိုင်းမှာ ထိုင်းနိုင်ငံတွင် နာမည်ကြီးနေသော ခရူးကိုင်ကဲဝိုရုပ်ထုအနီးတွင် ရှိကြောင်း ဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များက မြန်မာနိုင်ငံသားနှစ်ဦးကို ကယ်ထုတ်ခဲ့ကာ ရှေးဦးပြုစုကုသပေးပြီးနောက် ရာ့ချာဝထီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

၎င်းတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး စာရွက်စာတမ်းများ မပါလာကြသဖြင့် အမည်နှင့် အခြားအချက်အလက်များကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

မြန်မာနှစ်ဦးသည် အရက်သောက်စားထားသည့် ပုံစံဖြစ်သည်ဟုလည်း သတင်းများက ဆိုသည်။

မြောင်းထဲပြုတ်ကျနေသော ဆိုင်ကယ်ကို ဆယ်ယူ၍ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ကေဘယ်လ်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြသည်။

ဆိုင်ကယ်ပြုတ်ကျသည့်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Ref: Khaosod Online, Thai PBS, Thairath