တနင်္သာရီတွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် အရပ်သားကို ပြန်ရှာမတွေ့သေး

0
1177

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်ခံရပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၇ရက် ညဦးပိုင်းက တမုတ်ချုံးရွာလမ်းတနေရာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက အသက် ၃၅ နှစ်ရှိ ဦးထွန်းနိုင်ဝင်းအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပစ်ခတ်ပြီးနောက် ဦးထွန်းနိုင်ဝင်းကို စစ်ကောင်စီတပ်သားများ သယ်ယူသွားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

“သူက အရက်မူးပြီး ဒီလိုပဲ သွားနေတတ်တာ။ အဲဒီမှာ ကင်းပုန်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ ရုပ်အလောင်းကတော့ ဒီနေ့ထိ ပြန်မရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းမှာ တမုတ်ချုံးရွာမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ဦးထွန်းနိုင်ဝင်းကို ပြန်လည်ရှာဖွေ မတွေ့သေးသဖြင့် သေဆုံးသွားပြီဟု ယူဆကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဦးထွန်းနိုင်ဝင်းတွင် သားသမီးနှစ်ဦး ရှိပြီး ၎င်း၏အမျိုးသမီးမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံများက ပြောသည်။

တမုတ်ချုံးကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၇ ရက် နံနက်က စစ်ကောင်စီတပ်အင်အား တစ်ရာနီးပါးစစ်ကြောင်းထိုးလာပြီး ကင်းပုန်းဝပ်နေခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်များဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကလည်း အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာသားအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သေးသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရပြီး အရပ်သားဖမ်းဆီးခံရမှုများလည်း အများအပြား ရှိလာနေသည်။