မြိတ်တွင် အခေါက်ရွှေ အရောင်းအဝယ်ရပ်

0
1258
Photo - propakistani.pk

မြိတ်မြို့ရှိ ရွှေဆိုင်များတွင် ဩဂုတ်လ ၁၈ ရက်နေ့မှစပြီး အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အခေါက်ရွှေ အရောင်းအဝယ် ရပ်နားခဲ့သည့်အချိန်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် သုံးဆယ့်ကိုးသိန်းခြောက်သောင်း အထိ ဈေးပေါက်နေခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

ယင်းကာလမတိုင်မီက ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း ရွှေ‌ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခုက ကြိုက်ရောင်းကြိုက်ဝယ်ဈေးတောင် မဟုတ်တော့ဘူး။ အရောင်းအဝယ်ကို ရပ်လိုက်တာ။ ငွေလဲဈေးတွေ မငြိမ်တော့ အခြေအနေကြည့်နေကြတဲ့ သဘောပါ” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကြိုက်ရောင်း ကြိုက်ဝယ်ဈေးဆိုသည်မှာ ရွှေဝယ်ယူသူအား ရွှေဆိုင်များက ပေါက်ဈေးအတိုင်း ရောင်းချခြင်းဖြစ်ပြီး ပြန်ရောင်းပါက ပေါက်ဈေးထက် (ငါးသိန်း၊ ဆယ်သိန်းစသဖြင့်) နိမ့်သည့် ဈေးဖြင့်ဝယ်ယူကြခြင်းဖြစ်သည်။

ယနေ့တွင်လည်း မြိတ်မြို့ရှိ ရွှေဆိုင်အချို့ပိတ်ထားပြီး ဖွင့်ထားသည့်ဆိုင်များတွင်မူ အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားသည်ဟု ရွှေဆိုင်ရှင်အချို့က ဆိုသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို ပိတ်ဆို့အရေးယူခြင်း၊ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ် ထုတ်မည်ဟု ကြေညာခြင်း၊ စင်ကာပူဘဏ် United Overseas Bank (UOB) က မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဘဏ်လုပ်ငန်း ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်း လိုက်ခြင်းများကြောင့် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းသွားခဲ့သည်။

ပြည်တွင်းရွှေဈေး ဆက်တိုက်တက်နေသော်လည်း ကမ္ဘာ့ရွှေဈေးမှာ ကျနေပြီး တစ်အောင်စလျှင် ၁၈၉၀ ဒေါ်လာသာ ဈေးဖွင့်ထားသည်။

ပြီခဲ့သည့်ဇူလိုင်လနှောင်းပိုင်းကမူ တစ်အောင်စလျှင် ၁၉၆၀ ဒေါ်လာပေါက်ဈေးရှိပြီး ယင်းအချိန်က ပြည်တွင်း ဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းငါးသောင်းသာ ဈေးဖွင့်ခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ငွေကြေးအစား ရွှေ၊ ဘတ်၊ ဒေါ်လာအပါအဝင် အိမ်ခြံမြေ၊ ကားနှင့် အခြားပစ္စည်းများဝယ်ယူကာ ရင်းနှီးမြှုပ်နှံလာကြသည်။