မက်ဆီ ပါဝင်သည့်ပွဲတိုင်း အနိုင်ရရှိသည့်စံချိန်ကို ဆက်ထိန်းပြီး အင်တာမီယာ ဆီမီးဖိုင်နယ်တက်

0
1637
Photos – Inter Miami Twitter

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် မက်ဆီ စတင်ပွဲထွက်ကစားည့်ပွဲစဉ်မှစ၍ မက်ဆီ ပါဝင်သောပွဲစဉ်တိုင်း၌ ပြိုင်ဘက်ကို အနိုင်ကစားနိုင်သည့်စံချိန်ကို မှတ်တမ်းစိုက်ထူကာ လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မြန်မာစံတော်ချိန် မနက်ပိုင်း၌ ယှဉ်ပြိုင်ခဲ့ရသော လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်တာမီယာမီက ချားလော့တ်အသင်းကို လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူကာ လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့ခြင်းဖြစ်သည်။

အင်တာမီယာမီသည် ပွဲအစ ၁၂ မိနစ်ကတည်းကပင် ပင်နယ်တီကတစ်ဆင့် ဂျီမီနက်ဇ် သွင်းယူပေးသောဂိုးဖြင့် ချားလော့တ်ကို ဦးဆောင်ထားနိုင်ခဲ့ပြီး မက်ဆီမှာ ယင်းပင်နယ်တီကို ကန်ခွင့်ရှိသော်လည်း အသင်းဖော် ဂျီမီနက်ဇ်ကို လွှဲပြောင်းပေးကာ ကန်သွင်းခိုင်းလိုက်ခြင်းဖြစ်သည်။

ပွဲချိန် ၃၂ မိနစ်တွင် ရောဘတ်တေလာက အင်တာမီယာမီအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၇၈ မိနစ်တွင် ချားလော့တ်ကစားသမား မာလန်ဒါက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့သည့်အတွက် အင်တာမီယာမီက တတိယဂိုးကို ထပ်မံရရှိသွားခဲ့ပြန်သည်။

မက်ဆီသည် ပွဲချိန် ၈၅ မိနစ်တွင် ပွဲသိမ်းအနိုင်ဂိုးကို အင်တာမီယာမီအတွက် ဆက်လက် သွင်းယူပေးခဲ့ပြီး ယင်းအတွက် ပွဲစဉ်အပြီးတွင် အင်တာမီယာမီက ချားလော့တ်ကို လေးဂိုး ဂိုးမရှိဖြင့် အပြတ်အသတ်အနိုင်ယူကာ နောက်တစ်ဆင့်ဆီသို့ ဆက်လက်တက်လှမ်းသွားနိုင်ခဲ့သည်။

မက်ဆီသည် အင်တာမီယာမီအတွက် လိဂ်ဖလား ပထမဆုံးပွဲစဉ်မှနေ၍ စတင်ပါဝင်ကစားပေးခဲ့ပြီး အသင်းအတွက် ၎င်းပွဲထွက်ခွင့်ရရှိသည့်ပွဲစဉ်တိုင်း၌ ဂိုးများသွင်းယူပေးနိုင်ခဲ့သည်ကိုလည်း မြင်တွေ့ကြရသည်။

အင်တာမီယာမီသည် လာမည့်ဩဂုတ်လ ၁၆ ရက်နေ့တွင် လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရလိမ့်မယ်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်၌ အင်တာမီယာမီ ရင်ဆိုင်ရမည့်အသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်သော ဖီလာဒဲလ်ဖီးယား ဖြစ်သည်။