စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည် ပကာရီရွာဘုန်းကြီးကျောင်းထဲကျပြီး အမျိုးသားတစ်ဦးဒဏ်ရာရ

0
1870

ထားဝယ်မြို့နယ် ပကာရီရဲစခန်းက ပစ်ခတ်သည့်လက်နက်ကြီးကျည် ပကာရီရွာလယ်ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။

ဩဂုတ်လ ၁၁ ရက် နံနက် ၇ နာရီခန့်က ပကာရီရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးနှင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ပြီး ပကာရီရွာလယ်ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အမျိုးသားမှာက လည်ပင်းမှာ ရှပ်ထိတယ်လို့ပြောတယ်၊ ဘုန်းကြီးတစ်ပါးကတော့ သင်္ကန်းကိုပဲ အစလာစင်တာမျိုး ရှိတယ်လို့ဆိုတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျန်းမာရေးမကောင်းသည့် ရွာလယ်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီးကို ပြုစုပေးနေသည့် အမျိုးသား၏ လည်ပင်းကို လက်နက်ကြီးကျည်စ ထိမှန်ခြင်းဖြစ်ကြောင်း ပကာရီကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒီကျောင်းမှာ စာသင်နေတဲ့ ကလေးတွေနဲ့ ဆရာမတွေလည်းရှိတယ်။ စာသင်ကျောင်းတွေ မဖွင့်ရဲတော့ ဘုန်းကြီးကျောင်းမှာ သင်နေကြတဲ့သဘော။ အဲဒီအတွက် စိုးရိမ်စရာကောင်းတယ်” ဟု ၎င်းက ဆိုသည်။

နောက်ထပ်အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ဒဏ်ရာအနည်းငယ်ရကြောင်း ၎င်းက ပြောဆိုသည်။

စခန်းတိုက်ခိုက်ခံရချိန်မှ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်ဘက်က ထားဝယ်-ထီးခီးသွားကားလမ်းကို ပိတ်ထား ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း ပကာရီရဲကင်းစခန်းက အလစ်အငိုက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

ပကာရီကျေးရွာရဲကင်းစခန်းမှ စစ်ကောင်စီတပ်သည် ထားဝယ်-ထီးခီးသွားကားလမ်းပိုင်းတွင်သွားလာနေသည့် ယာဉ်များနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်။

ထိုင်းကို တရားမဝင် သွားသည့် အလုပ်သမားများ လိုက်ပါသည့် (ဘော်လုံး) ကားများနှင့် ဒေသခံကားများထံက ငွေကြေးတောင်းခံခြင်း၊ ၎င်းတို့ခွင့်ပြုချက်မရဘဲ ဆန်တင်လာပါက ဆန်နှင့် ရိက္ခာများကို သိမ်းဆည်းခြင်းစသည်တို့ ပြုလုပ်နေသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က မကြာခဏဝင်ရောက်တိုက်လေ့ရှိပြီး စစ်တပ်ကလည်း ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းကြောင့် လူငယ်များနှင့် လူလတ်ပိုင်းများမှာ ပြည်ပကို ရွေ့ပြောင်းအလုပ်သမားအဖြစ်ပြောင်းရွေ့သွားကြပြီး အချို့ဒေသခံများမှာ အခြားကျေးရွာများကို ပြောင်းရွှေ့နေထိုင်ကြကြောင်း ၎င်းတို့က ဆိုသည်။

ကျေးရွာတွင်ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများနှင့် သက်လတ်ပိုင်းအချို့မှာ ပစ်ခတ်မှုဖြစ်ချိန် ဘုန်းကြီးကျောင်း တစ်ခုခုတွင် ပုန်းခိုနေရသလို အချို့မှာ နီးစပ်ရာကျေးရွာများကို စစ်ဘေးရှောင်ကြရကြောင်း ဒေသခံတို့က ပြောသည်။

ပကာရီကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေသည်မှာ သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး ကျောင်းဆောင်ပျက်စီးမှုလည်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။