ညမထွက်ရ အမိန့်ထုတ်ထားသော ကံပေါက်တွင် ဖုန်းဆိုင်မှ CCTV များဖြုတ်ခိုးခံရ

0
1510
ပုံစာ - ခိုးယူခံရသည့်ဖုန်းဆိုင်အနီးမြင်ကွင်း လှည်းကုန်းလမ်း

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ လှည်းကုန်းရပ်ကွက်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တွင် တပ်ထားသော လုံခြုံရေးကင်မရာ(CCTV)များ ဩဂုတ်လ ၁ဝ ရက် ညပိုင်းက ဖြုတ်ခိုးခံလိုက်ရသည်။

“ အရင်လက အဲဒီဆိုင်မှာ သူခိုးဝင်ထားလို့ စီစီတီဗွီ တပ်ထားတာ၊  စီစီတီဗွီပါ လာခိုးသွားတယ် “ ဟု လှည်းကုန်းရပ်ကွက်နေသူတစ်ဦး ကပြောပါသည်။

ပြီးခဲ့သည့် လက ယင်းမိုဘိုင်းဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရသဖြင့် ငွေကျပ်သုံးသိန်းကျော်၊ ဖုန်း နှင့် အသံချဲ့စက်ပစ္စည်းအချို့ အခိုးခံခဲ့ရကြောင်း ၎င်းကဆိုသည်။

ကံပေါက်မှာ စစ်ကောင်စီ၏ ညမထွက်ရ အမိန့်ထုတ်ထားသော ဒေသဖြစ်ပြီး ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ သတ်မှတ်ထားသည်။

ကံပေါက်တွင် ညမထွက်ရ သတ်မှတ်ထားချိန်အတွင်း ခိုးယူမှုများဖြစ်ပွားနေပြီး ဇူလိုင်နှင့် ဩဂုတ်လဆန်းပိုင်းတွင် ဖုန်းဆိုင်၊ကုန်စုံဆိုင်နှင့် ကားဝပ်ရှော့တစ်ခုဖောက်ထွင်းခံခဲ့ရသလို နေအိမ်အချို့လည်း ဖောက်ထွင်းခံရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ကံပေါက်ကျေးရွာအုပ်စု ၊ ဂန့်ဂေါ်တောင်ရွာရှိ ကုန်စုံဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုတွင် ငွေကျပ်သိန်းတစ်ရာကျော် အခိုးခဲ့ရသည်။

သို့သော်ယင်းဖောက်ထွင်း ခိုးယူသူများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးချေ။

ညမထွက်ရအမိန့်ကြောင့် ဒေသခံများ အပြင်မထွက်ရဲချိန်တွင် ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းဖြစ်စဉ် ကျူးလွန်သူများကို အရေးယူခြင်းမျိုးလည်း မရှိသဖြင့် ပိုမိုဆိုးလာနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။