ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2673

စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်က မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှု အားလုံးကိုရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားသည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း လိုက်တက်သွားပြီး အမြင့်ဆုံးဈေးတွင် ရောက်နေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် အတက်ဈေးရောက်နေသည့် ရွှေဈေးမှာ စင်ကာပူဘဏ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းက မီးလောင်ရာလေပင့် ဖြစ်သွားစေခဲ့သည်။

နှစ်သောင်းတန်ဂယက်ကြောင့် ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီးနောက်  ၁၂ ရက်အကြာတွင် တစ်ကျပ်သားလျှင် ၃၅ သိန်းကျော်ဖြင့် ဈေးဖွင့်ခဲ့သည်။

ထိုနောက် ရက်ပိုင်းအကြာတွင် စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank (UOB) ကမြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။

အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် ဘဏ်တစ်ခုဖြစ်သည်။

UOB ဘဏ်၏ ယင်းထုတ်ပြန်ချက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်ကျလာပြီး ရွှေဈေးအပါအဝင် စက်သုံးဆီဈေးများခုန်တက်သွားသည်။

ထိုကြောင့် ဩဂုတ်လ ၉ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းခြောက်သောင်းဖြင့် ရောင်းချနေသည့် ရွှေဈေးမှာ နောက်တစ်ရက်တွင် ကျပ်ရှစ်သောင်း ခုန်တက်သွားသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် သုံးဆယ်ခြောက်သိန်းလေးသောင်း ဈေးဖွင့်ထားခြင်းဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ ရုတ်တရက်ထိုးတက်သွားသည်။

ထိုင်းငွေတစ်ဘတ်လျှင်  ၉၆ ကျပ်စွန်းစွန်းပေါက်ဈေးရှိရာမှ ၉၈ ကျပ်စွန်းစွန်းအထိ ဈေးမြောက်သွားသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၂၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ်တွင် ဓာတ်ဆီဈေးလည်း တစ်လီတာလျှင် ငွေကျပ်ရာဂဏန်းအထိ ဈေးတက်လာသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၄၅ ကျပ် မှ ၂၃၈၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၅၉၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ ဆက်ပြီးအလှုပ်အခတ်များနေမည့်ကာလဖြစ်ပြီး အချိန်အလိုက် အပြောင်းအလဲ ဆက်ဖြစ်နေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းရွှေဈေးတက်နေချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တောက်လျောက်ကျနေပြီး တစ်အောင်စလျှင် ၁၉၁၄ ဒေါ်လာနီးပါးသာ ရှိသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၄၃ ဒေါ်လာပေါက်ဈေးရှိသည်။

ပြည်တွင်းရွှေဈေးမှာ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အဆမတန်ဈေးတက်နေခြင်းသာဖြစ်သည့်အတွက် အတက်အကျ ကြမ်းနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း အတက်ဈေးတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး၊ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ်မှီတည်နေပြီး လာမည့်အပတ်တွင်လည်း အတက်ဈေးတွင်ပင် မတည်မငြိမ် ဈေးဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဆုံးဈေးတွင် ရှိနေသည်။

လက်ရှိ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် သုံးထောင်ငါးရာကျပ်ဝန်းကျင်တွင် ဈေးပေါက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်။

ထို့အပြင် ပြည်တွင်းသုံး စက်သုံးဆီအားလုံးနီးပါးကို ပြည်ပမှတင်သွင်းနေရသည့်အတွက် စင်္ကာပူဘဏ်၏ ထုတ်ပြန်ချက်ကြောင့် ဈေးကျမည့် အရိပ်အယောင် မတွေ့ရပေ။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်သုံးရာဝန်းကျင်ဖြင့် ဈေးဆက်ဖွင့်နေမည်ဖြစ်သည်။