စစ်ကောင်စီမပြောနိုင်တော့သော စကားသုံးခွန်း

0
12628

ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ စစ်ကောင်စီဟာ သူ့ရဲ့သက်တမ်းကို ထပ်တိုးခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲအတွင်း လေးကြိမ်မြောက်သက်တမ်းတိုးခြင်း ဖြစ်ပါတယ်။

သက်တမ်းတိုးမှုနဲ့အတူ စစ်ကောင်စီဟာ သူ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို ထူးထူးခြားခြား ပြောင်းလဲလိုက်တာကိုလည်း တွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေမှာ စစ်ကောင်စီ မပြောတော့တဲ့ ကိစ္စ သုံးခုကို သွားတွေ့ပါတယ်။

အဲဒီကတစ်ဆင့် စစ်ကောင်စီရဲ့အနေအထားနဲ့ သူ ဘယ်ကိုသွားနေပြီလဲဆိုတာကို တွေးဆနိုင်ပါလိမ့်မယ်။

စစ်ကောင်စီအနေနဲ့ အာဏာစသိမ်းတဲ့အခါ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်ဆိုပြီး ချမှတ်ကြေညာခဲ့ပြီး နေ့စဉ်သတင်းစာတွေမှာ မျက်နှာဖုံးနဲ့ နောက်ကျောဖုံးတွေမှာ အမြဲဖော်ပြနေခဲ့တာပါ။

ဒါတွေကို မြင်ရကြားရတာဟာ ပျင်းစရာကောင်းလှပါတယ်။ လူကြားကောင်းအောင် ဟန်ပြသဘော ပြောနေတဲ့အတိုင်းပါပဲ။

အခုမတိုင်မီ အရင်စစ်အစိုးရတွေလက်ထက်ကလည်း ဒီလိုမျိုးတွေ ရှိခဲ့တာပါပဲ။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေမှာ ဇာတ်လမ်းစမပြခင်မှာ ‘နိုင်ငံရေးဦးတည်ချက် လေးရပ်’ စသဖြင့် စိတ်ပျက်ဖွယ်ရာကောင်းလောက်အောင် နားထောင်ခဲ့ကြရတာပေါ့။

ဒါပေမဲ့ အဲဒီလို ပျင်းရိဖွယ်ဖြစ်နေမှာစိုးလို့လားတော့ မပြောတတ်ပါဘူး။ စစ်ကောင်စီဟာ သူ့ရဲ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်တွေကို အာဏာသိမ်းနှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ပြောင်းလဲခဲ့ပါတယ်။

ရှေ့လုပ်ငန်းစဉ် ငါးရပ်အဖြစ် (၁)၊ နိုင်ငံတည်ငြိမ်ရေး၊ (၂) တိုင်းပြည် စားနပ်ရိက္ခာဖူလုံရေး၊ (၃) ဒီမိုကရေစီဖက်ဒရယ်စနစ်တည်ထောင်ရေး၊ (၄) ငြိမ်းချမ်းရေးနဲ့ (၅) ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသူကို အာဏာလွှဲအပ်ရေးဆိုပြီး ဖြစ်လာပါတယ်။

နောက် ဦးတည်ချက် ကိုးချက်ရှိရာကနေ ၁၂ ချက် ဖြစ်လာပါတယ်။ နိုင်ငံရေးကဏ္ဍမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးဆိုတဲ့တစ်ချက်၊ စီးပွားရေးကဏ္ဍမှာလည်း စားနပ်ရိက္ခာဖူလုံရေးဆိုတဲ့တစ်ချက်နဲ့ လူမှုရေးကဏ္ဍမှာလည်း လူ့သားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရေးဆိုပြီး အချက်သုံးချက် တိုးလိုက်တာပါ။

အခုနောက်ဆုံးတစ်ကြိမ် သက်တမ်းတိုးပြီးတဲ့အခါမှာလည်း ထပ်ပြီး ပြောင်းလဲလိုက်ပြန်ပါတယ်။ ဩဂုတ် ၉ ရက်နေ့ထုတ်သတင်းစာတွေမှာ စတင်ပြောင်းလဲလိုက်တာကို တွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ အချက်တစ်ချို့က သတိထားစရာတွေပါ။ စကားသုံးခွန်းကို သူ မပြောတော့ပါဘူး။

ရှေ့လုပ်ငန်းစဉ်တွေထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ကို ဦးစားပေးလာတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပရေးဟာ အရင်က နံပါတ် ၅ နေရာမှာ ရှိခဲ့တာဖြစ်ပြီး အခုတော့ နံပါတ် ၁ နေရာကို ရောက်လာတာပါ။

မကြာသေးခင်ကပဲ စစ်ကောင်စီဥက္ကဋ္ဌဟာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လမ်းကြောင်းနှစ်ခုကို ထုတ်ဖော်ပြောဆိုလာပါတယ်။ အကြားအလပ်မရှိ ကျင်းပတာနဲ့ နေရာကွက်ပြီး ကျင်းပတာဆိုပြီး ဖြစ်ပါတယ်။

အဲဒီမှာ သတိပြုစရာပထမတစ်ခုက နိုင်ငံရေးဦးတည်ချက်အပြောင်းအလဲ ဖြစ်ပါတယ်။

အရင်ပါနေကျဖြစ်တဲ့ ‘စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး’ ဆိုတဲ့စာသားမှာ ‘စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး’ ဆိုပြီး ပြောင်းလဲလိုက်တာပါ။ စာသားနှစ်ခုဟာ သိပ်ပြီးမထူးခြားမကွာခြားဘူးလို့ ထင်ရပေမဲ့ ‘တရားမျှတမှုအပြည့်ကျင့်သုံးပြီး’ ဆိုတဲ့ စကားရပ်တွေတော့ ဖြုတ်ထားခဲ့တာကို တွေ့နိုင်ပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ‘တရားမျှတမှု’ ဆိုတာကို လေသံတောင် မဟနိုင်တော့တဲ့အခြေအနေမှာ ရောက်နေပြီလားလို့ ယူဆဖွယ်ဖြစ်ပါတယ်။

နောက်ဒုတိယတစ်ခုက နိုင်ငံရေးဦးတည်ချက်ထဲမှာပဲ ပါနေကျဖြစ်တဲ့ ‘လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ” ကို ဆက်လက်လိုက်နာကျင့်သုံးရေး’ ဆိုတဲ့ အချက်ပါပဲ။ အခုတော့ အဲဒီအချက် ပျောက်သွားပါပြီ။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရယူစဉ်ကတည်းက ကမ္ဘာ့နိုင်ငံတွေအကြား ဘက်မလိုက်တဲ့ ကြားနေဝါဒကို ကိုင်စွဲကျင့်သုံးခဲ့ကြတာဟာ အစိုးရအဆက်ဆက်ပါပဲ။ နိုင်ငံငယ်တစ်ခုအနေနဲ့ ကြားနေမူဝါဒသာ အသင့်လျော်ဆုံးဖြစ်တယ်လို့ စဉ်းစားရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာလည်း အာဏာသိမ်းလိုက်ချိန်ကတော့ အဲဒီလိုပဲ ကြွေးကြော်ခဲ့တာပါ။

အခု နှစ်နှစ်ခွဲကြာသွားချိန်မှာတော့ အဲသလို မကြွေးကြော်နိုင်တော့ပါဘူး။ ဆိုတော့ ဒီအချက်ကလည်း စိတ်ဝင်စားဖွယ်ပါပဲ။ အချိန်တွေသာ ကုန်လာတယ်၊ သူစိတ်ကူးယဉ်ခဲ့သလို ဖြစ်မလာ၊ နိုင်ငံကို ထိန်းချုပ်နိုင်ခြင်းမရှိဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟာ သူ ဆက်လက်ရပ်တည်နိုင်ဖို့ တရုတ် ဒါမှမဟုတ် ရုရှားဆီကို သူ့ကိုယ်သူ ပေါ်ပေါ်တင်တင် ပုံအပ်လိုက်ပြီလားဆိုတာ တွေးဆစရာပါပဲ။ ဒီလိုမျိုးအပြုအမူမျိုးကို သူ့ဆရာသမားတွေဖြစ်တဲ့ စစ်ခေါင်းဆောင်တွေလက်ထက်မှာတောင် မတွေ့ခဲ့တာပါ။

နောက်တတိယအချက်ကတော့ စီးပွားရေးဦးတည်ချက်အပြောင်းအလဲ ဖြစ်ပါတယ်။

‘ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး’

‘ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး’ ဆိုတဲ့အချက်ကိုလည်း ဖြုတ်ထားခဲ့ပါပြီ။

ဘယ်လိုစနစ်နဲ့ သွားမယ်ဆိုတာကိုတော့ မပြောထားဘဲ တိုင်းပြည်သာယာဝပြောရေး၊ အသေးစားအငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေကို မြှင့်တင်ရေး၊ ဆီဖူလုံရေးနဲ့ ပိုလျှံရင် နိုင်ငံခြားကို တင်ပို့ရေးတွေကိုပဲ ပြောပါတယ်။

စစ်မီးပင်လယ်နဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံဟာ တစတစ ချွတ်ခြုံကျလာနေတယ်ဆိုတာကို ပညာရှင်တွေမဆိုထားနဲ့၊ သာမန်လူတွေတောင် သဘောပေါက်နားလည်နေကြပါတယ်။ ဒီကြားထဲမှာ နှစ်သောင်းတန်ဂယက်ကြောင့် ရွှေနဲ့ ဒေါ်လာဈေးကွက်တွေ ကမောက်ကမဖြစ်နေတာကိုလည်း တွေ့နိုင်ပါတယ်။

နိုင်ငံစီးပွားရေးတိုးတက်ဖို့ စနစ်တွေထဲမှာ အကောင်းဆုံးလို့ တစ်ကမ္ဘာလုံးက မငြင်းနိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မြန်မာနိုင်ငံမှာ ဖော်ဆောင်ဖို့ကို အရင်စစ်အစိုးရတွေလက်ထက်ကတည်းက စိတ်ကူးယဉ်ခဲ့ကြသလို ပြီးခဲ့တဲ့ ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းအစိုးရနှစ်ဆက်မှာလည်း ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ဖြစ်လာစေဖို့ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။ အခုတော့ စစ်ခေါင်းဆောင်ဟာ ‘ဈေးကွက်စီးပွားရေးစနစ်’ ဆိုတာကို လေသံမပစ်နိုင်တော့ပါဘူး။

ဆိုတော့ စစ်ကောင်စီဟာ တရားမျှတမှုတို့၊ လွတ်လပ်မှုတို့၊ ဈေးကွက်စီးပွားရေးစနစ်ဆိုတာတွေကို ဟန်ပြအနေနဲ့တောင်မှ ထုတ်ဖော်မပြောဆိုနိုင်တော့လေသလားလို့ တွေးတောမိပါတယ်။ ဒီစကားလုံးတွေ ထုတ်ပြောဖို့ရာမှာ ဆွံ့အသွားလေပြီလားပါပဲ။

အဲဒီတော့ ပြန်ချုပ်ရရင် တရားမျှတမှု ကျင့်သုံးဖို့ မဝံ့ရဲတော့ဘူးလား။ ဘက်မလိုက် နိုင်ငံခြားရေးမူ ဆိုပြီး ပေါ်ပေါ်ထင်ထင် မသုံးရဲတော့ဘူးလား။ စျေးကွက်စီးပွားရေး စနစ်ဆိုပြီး လေသံ မပစ်နိုင်တော့ဘူးလား။ အကျပ်အတည်းကြားက စစ်ကောင်စီ ဘာတွေ စဉ်းစားပြီး ဘယ်လိုတွေ လုပ်ဆောင်နေလဲ တွေးဆစရာပါ။