မြန်မာလုပ်သားများထံမှ ငွေလိမ်သည်ဆိုကာ မြန်မာပွဲစားကို ထိုင်းတွင် အမှုဖွင့်

0
1413

မြန်မာအလုပ်သမားငါးဦးထံမှ ဘတ်ငွေ ကိုးသောင်းကျော် လိမ်လည်သွားသည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးကို ထိုင်းနိုင်ငံ လယောင်မြို့ရဲစခန်းတွင် ယနေ့ ဩဂုတ်လ ၄ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင် တရားဝင်လာရောက်လုပ်ကိုင်ခွင့်ရရှိစေရန် မြန်မာနိုင်ငံရှိ အလုပ်အကိုင်အေဂျင်စီနှင့် ချိတ်ဆက်ဆောင်ရွက် ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ပွဲစားက ငွေကြေးကြိုတင်ကောက်ခံထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံသို့လာမည့် လမ်းစရိတ်၊ အလုပ်လျှောက်ကြေး စုစုပေါင်း ဘတ် ကိုးသောင်းကျော်ကို ထိုင်းတွင်ရှိသည့် အလုပ်သမားများ၏ ဆွေမျိုးတော်စပ်သူတို့က ငွေပေးချေလိုက်ပြီးနောက် ပွဲစားက အဆက်အသွယ်ဖြတ်သွားကြောင်း WAG အဖွဲ့မှ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

မြန်မာပွဲစားမှာ အသက် ၄၂နှစ်အရွယ် ကိုလွင်မိုး (ခေါ်) ကိုစိုးမိုး အမည်ရှိသူ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပွဲစားကို ကျွန်တော်တို့ ဆက်သွယ်တယ်။ ဆက်သွယ်တဲ့အချိန်မှာ မောက်မောက်မာမာ စကားပြောသွားတဲ့အတွက် ပွဲစားကို အမှုဖွင့်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ငွေပေးထားသော ဘဏ်ဖြတ်ပိုင်းဖြင့် ပွဲစားကို အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ငွေလိမ်လည်မှုဖြင့် ဝရမ်းထုတ်ခံရသည်အထိ တရားစွဲသွားမည်ဖြစ်ကြောင်းလည်း ကိုမုန်တိုင်းက ပြောဆိုသည်။

ငွေလိမ်လည်သည်ဟု စွပ်စွဲခံထားရသည့် ပွဲစားဖြစ်သူ ကိုလွင်မိုး (ခေါ်) ကိုစိုးမိုးကို Dawei Watch က မေးမြန်းရန် ယနေ့ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

လိမ်လည်ခံရသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်ရန်အတွက် ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုနှင့် ချိတ်ဆက်၍ ကုန်ကျစရိတ် ထပ်မံပေးချေကာ ယမန်နေ့က ထိုင်းသို့ ဝင်ရောက်လာကြပြီဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။