မြိတ်တွင် ပိုင်ရှင်မဲ့အလောင်းတွေ့၊ လေးလကျော်တွင် ပိုင်ရှင်မဲ့အလောင်း လေးလောင်းအထိရှိလာပြီ

0
1487
Photo - ချစ်ကြည်ရေးပရဟိတအသင်း။

မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကျော်စိုးဝင်းတံတားအနီးတွင် ယနေ့ ဩဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

အဆိုပါရုပ်အလောင်းကို မွန်းလွဲ ၂နာရီခန့်က တွေ့ရှိခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဘဲ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

“အလောင်းက ရေမြုပ်နေလို့ မျက်နှာလည်းပျက်နေပြီ” ဟု ၎င်းက ဆိုသည်။

ရုပ်အလောင်းမှာ ပျက်စီးယိုးယွင်းနေပြီဖြစ်ပြီး မျက်နှာပျက်စီးနေသဖြင့် အသက်အရွယ်ကိုပင် ခန့်မှန်းရန် ခက်ခဲနေကြောင်း ၎င်းက ပြောဆိုသည်။

အလောင်းကို ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးနေပြီး သေဆုံးသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့ရှိ ရပ်ကွက်အချို့တို့တွင် ပိုင်ရှင်မဲ့အလောင်းတို့အား မကြာခဏတွေ့ရှိလာကြောင်း နာရေးကူညီမှုအသင်း အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ ညပိုင်းက မြိတ်တောင်နယ်မြေ ထားဝယ်ကမ်းရပ်ကွက် အောင်ချမ်းသာ (၁) လမ်းတွင် အသက် ၅၀ အရွယ် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့သည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ကွက်သစ်ရပ်ကွက် ကမ်းနားလမ်းရှိ သစ်ယာဝလှေဆိပ်၌ အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ပိုင်ရှင်မဲ့ရုပ်အလောင်းအား တွေ့ရှိပြန်ကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။

ထို့အပြင် ဇွန်လ ၆ ရက်နေ့က မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်ကွက်ရှိ ရှင်ကြီးအိမ် (နတ်ကွန်း) တွင် အမျိုးသားတစ်ဦး၏ ပ်ိုင်ရှင်မဲ့ရုပ်အလောင်းတစ်လောင်းအား ထပ်မံတွေ့ရှိခဲ့သေးသည်။

“နေရာစုံက ရောက်လာပြီးတော့ လုပ်ကိုင်စားသောက်ပြီးတော့ ဆွေမျိုးမရှိဘဲ ကျန်ရစ်တာတွေများတယ်” အထက်ပါ နာရေးကူညီမှုအသင်းဝင်က ပြောသည်။

၎င်းတို့မှာ အခြားတိုင်းဒေသကြီးရှိ မြို့နယ်များက လာရောက်နေထိုင်နေသူများ ဖြစ်ကြကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါရုပ်အလောင်းများမှာ အမျိုးသားများဖြစ်ကြပြီး သက်ကြီးပိုင်းများဖြစ်ကြကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းက ဒီလိုပိုင်ရှင်မဲ့ တွေ့တာတွေ မကြားရဘူး။ အခုနောက်ပိုင်း နှစ်နှစ် သုံးနှစ်လောက်ရှိမယ်။ ပိုင်ရှင်မဲ့ အလောင်းတွေ့တာတွေ ကြားလာရတယ်။ လမ်းနံဘေးတွေမှာဆိုရင် တစ်ယောက်တည်း သွားလာနေထိုင်တာ တွေလည်း ‌တွေ့တွေ့လာနေရတယ်ဗျ” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်တွင် ၂၀၂၁ ခုနှစ်အတွင်းမှစပြီး လမ်းနံဘေးတို့ရှိ နားနေဆောင်များ၊ အဝေးပြေးကားဝင်း စသည်တို့တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်းတို့အား မကြာမကြာတွေ့ရှိမှုများ ရှိလာနေခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း အချို့က ဆိုသည်။