တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1879

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ

တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်တွင် အနည်းဆုံး ၂၀ ဦးသေဆုံး

Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သော တရုတ်နိုင်ငံမှာ အနည်းဆုံး လူ ၂၀ ခန့် သေဆုံးခဲ့ပြီး လူများစွာ ပျောက်ဆုံးခဲ့ပါတယ်။

မြို့တော်ပေကျင်းမှာ အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးပျောက်ဆုံးခဲ့တယ်လို့ ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းဌာန CCTV ကနေ ကြေညာခဲ့တာပါ။

မြောက်ပိုင်းက ဟေဘိုင်း (Hebei) ပြည်နယ်မှာ ၉ ဦးသေဆုံးခဲ့ပြီး ၆ ဦးပျောက်ဆုံးခဲ့ပါတယ်။

Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ပိုင်း Fujian ပြည်နယ်မှာ  ၁ ဒသမ ဆ၄ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက သစ်ပင်ကျိုးတာတွေ၊ မြေပြိုတာတွေကို လိုက်လံရှင်းလင်းကယ်ဆယ်တာတွေ လုပ်ဆောင်ခဲ့ပြီး လုပ်သား ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

Ref: DW

………………………………..

ယူကရိန်းက ရုရှားမြို့တော်ကို ဒရုန်းဖြင့် တိုက်ခိုက်

ရုရှားနိုင်ငံ မော်စကိုမြို့ စီးပွားရေးလုပ်ငန်းတွေရှိရာ ရပ်ကွက်မှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့နဲ့ ဩဂုတ်လ ၁ ရက်နေ့က ယူကရိန်းက ရုရှားမြို့တော်ကို ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တာပါ။

၎င်းတို့ကို ပစ်ချကာကွယ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြောကြားခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး။

ရုရှားဒုံးကျည်တွေ ယူကရိန်းမြို့ကြီးတွေအထဲ ပစ်ခတ်နေတဲ့အချိန် ခရိုင်းမီးယားဒေသနဲ့ မော်စကိုမြို့တွေထိ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Ref: AP

………………………………..

ပါကစ္စတန် မဲဆွယ်ပွဲ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅၄ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇူလိုင် ၃၀ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၅၄ ဦးအထိ ရှိလာခဲ့ပါတယ်။

အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က နိုင်ငံရေးစုဝေးပွဲတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်နား Bajaur လူမျိုးစုနယ်မြေ Khar ဒေသက အစ္စလာမ်နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ပါတီတစ်ခုရဲ့ နိုင်ငံရေးပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ (ISIL) က ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Ref: Aljazeera

………………………………..

မွန်ဂိုးလီးယားဝန်ကြီးချုပ် အမေရိကန်ကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်

မွန်ဂိုလီးယားဝန်ကြီးချုပ်ဟာ ဩဂုတ်လ ၂ ရက်နေ့က အမေရိကန်ဒုတိယသမ္မတ ကင်မလာဟဲရစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်အပါအဝင် အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ ဝါရှင်တန်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မွန်ဂိုလီးယားဝန်ကြီးချုပ်တစ်ဦးရဲ့ အမေရိကန် ပြည်ထောင်စုကို ပထမဆုံး တရားဝင်လာရောက်လည်ပတ်မှုဖြစ်ပါတယ်။

နှစ်နိုင်ငံ ရာသီဥတုဆိုင်ရာ၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ပူးတွဲဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ရည်ရွယ်တယ်လို့ ဒုသမ္မတ ရဲ့ သတင်းပြန်ကြားရေးက ကြေညာခဲ့ပါတယ်။

မွန်ဂိုလီးယားဟာ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်ပြီး သူ့ရဲ့ပို့ကုန် ၉၅ ရာခိုင်နှုန်းကို အိမ်နီးချင်းတရုတ်ပြည်ကို တင်ပို့နေရတာပါ။

မွန်ဂိုလီးယားဟာ ကမ္ဘာ့ပေါ်မှာ မြေရှားသတ္တုအပါအဝင် ကြေးနီ၊ ဖလိုရိုက်၊ ရွှေ၊ သံနဲ့ ဇင့်တို့လို သတ္တု တွင်းထွက်ပစ္စည်းတွေ အဓိက တူးဖော် ရောင်းချနေတဲ့နိုင်ငံဖြစ်ပါတယ်။

Ref: REUTERS

………………………………..

အီရန်တွင် အပူချိန်မြင့်တက်မှုကြောင့် ရုံးပိတ်ရက် ၂ ရက်သတ်မှတ်ပေး

အီရန်နိုင်ငံတွင် အပူချိန်မြင့်တက်နေလို့ နိုင်ငံတော် ရုံးပိတ်ရက် ၂ ရက် သတ်မှတ်ကြောင်း အစိုးရက သြဂုတ် ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

မြို့ကြီးတော်တော်များများမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယက်စ်ထက် ကျော်လွန်နေခဲ့တာပါ။

နိုင်ငံအနောက်တောင်ပိုင်းမှာ ၅၀ ဒီဂရီကျော်ထိ ဖြစ်လိမ့်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းခဲ့ပါတယ်။

ဒါကြောင့် ရုံးပိတ်ရက်တွေအဖြစ် ဩဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေကို သတ်မှတ်လိုက်တာပါ။

ဆေးရုံတွေကိုလည်း အသင့်ပြင်ဆင်ထားဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

Ref: CNN

………………………………..

နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်နှင့် ညှိနှိုင်းရန် အနောက်အာဖရိကကိုယ်စားလှယ်များ သွားရောက်

နိုင်ဂျာကစစ်ခေါင်းဆွေတွေနဲ့ ညှိနှိုင်းဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS) က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဩဂုတ်လ ၂ ရက်နေက စေလွှတ်ခဲ့ပါတယ်။

သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုထားတာပါ။

ကိုယ်စားလှယ်အဖွဲ့ကို နိုင်ဂျီးရီးယားစစ်တပ်ခေါင်းဆောင်ဟောင်း အဗ္ဗဒူလ် ဆလာမီ အဘူဘာကာ (Abdulsalami Abubakar) က ဦးဆောင်ပြီး နိုင်ဂျာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာပါ။

အခုလောလောဆယ်မှာတော့ ECOWAS အဖွဲ့က နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ Mohamed Bazoum ကို အာဏာပြန်မလွှဲရင် အင်အားသုံးဖြေရှင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းက နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်တဲ့ ECOWAS အဖွဲ့က အခုလို နိုင်ဂျာ အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်နေတာဖြစ်ပါတယ်။

Ref: Fance 24

………………………………..

ထိုင်းဝန်ကြီးချုပ်ရွေးချယ်မည့်နေ့ ထပ်မံရွှေ့ဆိုင်း

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲကို လွှတ်တော်မှာ ဩဂုတ်လ ၄ ရက်နေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမဲ့ ရွှေ့ဆိုင်းလိုက်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

ပီထာကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်းတင်သွားတာကို လွှတ်တော်က ကန့်ကွက်ခဲ့တဲ့အပေါ် အယူခံတင်ထားတာကို ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်အပြီး ရွေးချယ်မယ့်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်တာပါ။

အယူခံတင်ထားတာတွေကို လက်ခံ မခံ သြဂုတ်လ ၁၆ ရက်နေ့မှာ ကြားနာမယ်လို့ တရားရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမှုကို ဆက်လက်ကြားနာဖို့ တရားရုံးက လက်ခံခဲ့ရင်တော့ တရားရုံးဆုံးဖြတ်ချက်ကျလာပြီးတဲ့အချိန်အထိ ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို ဆိုင်းငံ့ထားရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ ဦးဆောင်ဖွဲ့စည်းထားတဲ့ ညွန်းပေါင်းအဖွဲ့ကိုလည်း Pheu Thai ပါတီဘက်က ဖျက်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်အသစ် ရွေးချယ်ဖို့လည်း နှောင့်နှေးနေခဲ့ပါတယ်။

Ref: Nikkei Asia

………………………………..

ရွေးကောက်ပွဲအမှုမှာ အပြစ်မရှိကြောင်း ဒေါ်နယ်ထရမ့် ထွက်ဆို

ရွေးကောက်ပွဲနဲ့ ပက်သက်လို့ သူ့အပေါ် တရားစွဲဆိုထားတာတွေအတွက် အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၃ ရက်နေ့က ဝါရှင်တန်ဒီစီ တရားရုံးတော် တရားသူကြီးရှေ့မှောက်မှာ လျှောက်လဲခဲ့ပါတယ်။

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကို ပြောင်းလဲပြီး အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားမှုနဲ့ ဖက်ဒရယ်တရားရုံးက သူ့အပေါ် တရားစွဲဆိုထားတာပါ။

ထရမ့်ဟာ သမ္မတတာဝန်ပြီးဆုံးချိန်ကစပြီး ၂ နှစ်ခွဲလောက်အကြာ ဝါရှင်တန်ဒီစီမှာ တရားရင်ဆိုင်ဖို့ ပြန်ရောက်လာခဲ့ပါတယ်။

သူ့ကို ရွေးကောက်ပွဲ မသမာမှုဆိုင်ရာ ရာဇဝတ်မှု ၄ မှုနဲ့ တရားရေးဌာန အထူးစုံစမ်းစစ်ဆေးသူ Jack Smith က အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Ref: The Washington Post

………………………………..

အိုင်စက် စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင်သေဆုံးကြောင်း ဝန်ခံ

IS စစ်သွေးကြွအဖွဲ့က သူတို့ရဲ့ခေါင်းဆောင် အယ်လ်ဘူဟွန်စိန် (Abu Hussein al-Husseini al-Quraishi) သေဆုံးသွားပြီဖြစ်ကြောင်း ဩဂုတ်လ ၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဧပြီလထဲမှာ တူရကီသမ္မတက IS အဖွဲ့ခေါင်းဆောင်ကို တူရကီထောက်လှန်းရေးတွေက ဆီးရီးယားမှာ သုတ်သင်လိုက်ပြီလို့ ကြေညာခဲ့တာပါ။

ဒါကို အိုင်အက်စ်အဖွဲ့က ပထမဆုံး တရားဝင်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံ သုံးပုံတပုံကို အုပ်စိုးခဲ့တဲ့ IS အဖွဲ့အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်အသစ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

IS စစ်သွေးကြွတွေဟာ ဆီးရီးယားမှာရော အီရတ်မှာပါ ဆက်ပြီး တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပွဲ ဂျပန်အသင်း စပိန်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ

ဇူလိုင်လ ၃၁ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အမျိုးသမီးပွဲစဉ်မှာ ဂျပန်အသင်းက စပိန်အသင်းကို ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် ဂျပန်အသင်းက အုပ်စုဗိုလ်နေရာ ရရှိသွားခဲ့ပါတယ်။

ဂျပန်အသင်းက ပထမပိုင်းမှာတင် ၃ ဂိုး ဆက်တိုက် ရခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၁ ဂိုး ထပ်သွင်းခဲ့တာပါ။

ဇမ်ဘီယာအသင်းကလည်း ကော်စတာရီကာ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ပထမဆုံး အနိုင်ရရှိခဲ့ပါတယ်။

ထိပ်ဆုံးနေရာရသွားတဲ့ ဂျပန်အသင်းဟာ အုပ်စု A မှာ ဒုတိယနေရာ ရထားတဲ့ နော်ဝေအသင်းနဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref: CNN

………………………………..