ထားဝယ်-ရန်ကုန်လမ်းတွင် ကလိန်အောင်လမ်းပိုင်း ရေကျော်ပြီး ကားဖြတ်သန်းသွားလာ၍ မရ

0
1625
ပုံစာ - ကလိန်အောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ယနေ့ ရေကြီးနေမှုမြင်ကွင်း။

ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း နေရာအချို့တွင် ကားလမ်းရေကျော်နေသဖြင့် မော်တော်ကားများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း လမ်းတွင်ပိတ်မိနေသည့် ယာဉ်မောင်းများက ပြောသည်။

ယင်းကားလမ်းပိုင်းရှိ ရေဖြူမြို့နယ် မိုင်တိုင် ၃၆ တွင် ယနေ့ ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီခန့်မှစ၍ ကားလမ်းမ ရေကျော်နေပြီး ကားများဖြတ်သန်းမရဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရေက လူခန္ဓာကိုယ် ထက်ဝက်လောက် လမ်းမရေကျော်နေတာ။ ကားတွေ တချို့က စောင့်နေတယ်။ တချို့က ထားဝယ် ပြန်လှည့်၊ တချို့က ကလိန်အောင်ဘက်ပြန်လှည့်နေကြတယ်။ မနက်ဖြန် မိုးဆက်ရွာနေရင်တော့ ရေမကျလောက်သေးဘူး။ အခြေအနေစောင့်ကြည့်နေရတုန်းပဲ” ဟု ကားလမ်းတွင် ပိတ်မိနေသည့်ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ကလိန်အောင်မြို့တွင်လည်း အမှတ် (၂) ၊ (၃) နှင့် (၄) ရပ်ကွက် သုံးခု၌ လူနေအိမ်အောက်ထပ်ကို ရေတက်လာနေကြောင်း မြို့ခံများက ဆိုသည်။

“ရေတက်နေတာက ပေါင်ရင်းလောက် ရောက်နေပြီ။ လမ်းထက် လူနေအိမ်တွေက နိမ့်တော့ အိမ်အောက်ထပ်တွေမှာ ရေဝင်နေတာ။ လမ်းမပေါ် ရေနည်းနည်းတက်နေပြီ။ အိမ်တွေမှာတော့ ရေဝင်နေတယ်။ အိမ်မြင့်တဲ့ အိမ်တွေဆီ ပစ္စည်းတွေ ရွှေ့ထားရတယ်” ဟု အမှတ် (၃) ရပ်ကွက်မှ မြို့ခံတစ်ဦးက ယနေ့ ည ၈နာရီတွင် ရေကြီးနေသည့် အခြေအနေကို ပြောပြသည်။

ကလိန်အောင်မြို့သည် ကလိန်အောင်ချောင်းနှင့် တောင်ကျချောင်းရေကြောင့် ရေကြီးလေ့ရှိပြီး ရေမကြီးသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကာ ယခုနှစ်တွင်ပြန်ကြုံရခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ဩဂုတ်လ ၄ ရက် မွန်းလွဲ ၂နာရီအထိတိုင်းတာချက်အရ တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။