မလေးရှားသွားမည့် မြန်မာလုပ်သား ၁၀ဦး ရနောင်းတွင် ဖမ်းဆီးခံရ

0
1532

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၁၀ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ဇူလိုင်လ ၃၁ရက် ည ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် ရနောင်း-ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖန်ငခရိုင်သို့ ပစ်ကပ်ကားဖြစ်သွားရောက်စဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

ရနောင်းခရိုင် စုက်စမ်ရန်ဒေသ နားခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ပို့ဆောင်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကားနှစ်စီးပေါ်တွင် မြန်မာအလုပ်သမား ၁၀ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမား နှစ်ဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံသို့ သွာရောက်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၃၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း‌ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကားသမားနှစ်ဦးကို မေးမြန်းချက်အရ မြန်မာအလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် ဖန်ငခရိုင် ခူရဘူရီဒေသသို့ ပို့ဆောင်ပေးရန် ငှားရမ်းထားခြင်းဖြစ်ပြီး ပို့ဆောင်ခအဖြစ် တစ်ဦးစီအတွက် ဘတ် ၁၅၀၀ ရရှိမည်ဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများနှင့် ထိုင်းကားသမားနှစ်ဦးကို ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် စုက်စမ်ရန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြသည်။

ပြီးခဲ့သော ဇူလိုင်လတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၂၈၀ ကျော် ဖမ်းဆီးခံရပြီး ကားမတော်တဆမှုကြောင့် မြန်မာအလုပ်သမား လေးဦး သေဆုံးခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရှိရသည်။