ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေး၊ အကျဉ်းသား ခုနစ်ထောင်ကျော် လွတ်ငြိမ်းခွင့်ပြု

0
1725

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို တရားစီရင်ပြီးသည့် အမှုများမှ အချို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားခြင်း ဖြစ်သည်။ ယင်းအနက် ၂၀၂၁ ခုနှစ်က စွဲဆိုခဲ့သည့် အမှုငါးခု၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းဖြစ်သည်။

ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်သည့် ၅ ခုမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် စွဲဆိုထားမှု၊ ပုဒ်မ ၅၀၅၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် စွဲဆိုထားမှုများဖြစ်သည်။

အမှုရှစ်မှုဖြင့် ထောင်ဒဏ် ၁၂နှစ်ချမှတ်ခံထားရသည့် သမ္မတဦးဝင်းမြင့်ကိုမူ အမှုနှစ်ခုအတွက် ချမှတ်ထားသည့် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်ကိုမူ စွဲဆိုထားသော အမှုများအနက်မှ ပုဒ်မ ၅၀၅ ဖြင့်စွဲဆိုထားမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် စွဲဆိုထားမှု ၂ ခုကို လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြည်တွင်းမီဒီယာအချို့ကို ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ် ၊ ဦးဝင်းမြင့်ကို ၄ နှစ်သာ ပြစ်ဒဏ်လျှော့ပေါ့ လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၇၇၄၉ ဦးကိုလည်း ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ကြေညာသည်။

ယင်းအပြင် သေဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဉ်းသား အကျဉ်းသူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားသော်လည်း ဦးရေမည်မျှဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၂၅ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ဦးကိုလည်း တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ အမှုမှလွတ်ပေးလိုက်ကြောင်း ကြေညာထားသည်။