ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2077

နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် ယခုအပတ်ရွှေဈေးမှာ တိတိကျကျ ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ခုန်တက်သွားသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

တစ်ပတ်လုံး ဈေးမဖွင့်သည့်ရွှေ

နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက်(တနင်္ဂနွေနေ့)မှစကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့ကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်ခြောက်သောင်းဝန်းဖြင့် ရောင်းချနေခဲ့သည်။

စစ်ကောင်စီက ကြေညာသည့်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းအထိ ဈေးပေါက်ခဲ့သော်လည်း ရွှေဆိုင်များအပါအဝင် ရွှေဒိုင်များတွင်ပါ အရောင်းပိတ်ထားခဲ့သည်။

နောက်ရက်များတွင်လည်း အခေါက်ရွှေဈေးမှာ တိတိကျကျမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေခဲ့သည်။

တိကျသည့်ဈေးမဖွင့်ခဲ့သော်လည်း ယခုအပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေကြသည်။

ထိုးတက်သွားသည့် ထိုင်းဘတ်

ထိုင်းဘတ်ဈေးလည်း ထိုးတက်သွားပြီး အချိန်တိုင်း အပြောင်းအလဲရှိနေခဲ့သည်။

ငွေစက္ကူသတင်းမထွက်မီ ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်းငွေတစ်ဘတ်လျှင် ငွေကျပ် ၉၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ထားရာမှ နောက်တစ်ရက်တွင် ၉၄ ကျပ်စွန်းစွန်းအထိ ရုတ်တရက်တက်သွားသည်။

နောက်ရက်များတွင်လည်း တဖြည်းဖြည်းဈေးတက်လာပြီး ဇူလိုင်လ ၂၈ ရက်(သောကြာနေ့)တွင် ၉၄ ကျပ်ကျော် ပေါက်ဈေးရှိနေသည်။

 ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၆၀  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

တရွေ့ရွေ့တက်လာသည့် ဓာတ်ဆီဈေး

ဓာတ်ဆီဈေးလည်း တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် ၂၃၀၀ ကျပ်အထိ ဈေးမြောက်နေသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၄၅ ကျပ် မှ ၂၃၀၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၅၄၅ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ လက်ရှိကြိုက်ရောင်းကြိုက်ဝယ်လုပ်နေသည့်ဈေး(၃၅သိန်းဝန်းကျင်)ထက် အနည်းငယ်ပြန်ကျလာနိုင်သည်။

ပြည်တွင်းရွှေဈေး မတည်မငြိမ်ဖြစ်ပြီး တိကျသည့်ဈေးမဖွင့်နိုင်ခြင်းမှာ စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူထုတ်မည့် သတင်းကြောင့် ထိုးတက်သွားခြင်းဖြစ်သည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပြန်ကျနေသည်။

ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၉၆၂ ဒေါ်လာပေါက်ဈေးရှိပြီး ယခုအပတ်(ဇူလိုင်လ ၂၉ ရက်)တွင်မူ ၁၉၅၉ ဒေါလာဈေးပေါက်နေသည်။

ထိုအခင်းအကျင်းများအရ ပြည်တွင်းရွှေဈေးမှာ အချိန်အတိုင်းအတာတစ်ခုအတွင် လက်ရှိဈေးထက် ကျရိပ်ပြလာနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ငွေစက္ကူဂယက်ကြောင့် အတက်အကျနည်းနည်းဖြင့် လက်ရှိနှုန်းထားအတိုင်း  ဈေးဖွင့်နေ နိုင်သည်။

ပြည်တွင်းရွှေဈေး၊ နှစ်နိုင်ငံ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ် မှီတည်နေရာ လာမည့်အပတ်တွင်လည်း လက်ရှိနှုန်းအတိုင်းဆက်ရှိနေမည့်အနေအထားဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဈေးတွင် ဆက်ရှိနေသည်။

လက်ရှိ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အထက်တွင် ဈေးပေါက်နေသည်။

ထို့အပြင် ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေသည့်အတွက် လာမည့်အပတ်စက်သုံးဆီဈေးမှာ အတက်ဈေးတွင် ဆက်ရှိနေနိုင်ကြောင်း ခန့်မှန်းရသည်။