ရီးရဲလ်မက်ဒရစ်ကို မန်ယူ နှစ်ဂိုးပြတ် အရေးနိမ့်၊ အိုနာနာနှင့် မေဆန်မောင့်တို့ မန်ယူအတွက် လိုအပ်ချက်များ ရှိနေဆဲ

0
1938
ဓာတ်ပုံ – ESPN၊ 1Football

အမေရိကန်ပြည်ထောင်စုတွင် ယနေ့ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲတွင် ရီးရဲလ်မက်ဒရစ်က မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့ကြောင်း သိရှိရသည်။

မန်ယူသည် ယမန်နေ့က ဝရက်ဇ်ဟမ်းအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ရာ၌ သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယနေ့တွင် ရှုံးပွဲထပ်မံကြုံဆုံလိုက်ရခြင်းဖြစ်သည်။

ဝရက်ဇ်ဟမ်းနှင့်ပွဲစဉ်တွင် လူငယ်ကစားသမားများကိုသာ အဓိက ပွဲထုတ်သွားခဲ့သည့် မန်ယူသည် ယနေ့ပွဲစဉ်တွင်မူ အဓိက, ကစားသမားအစုံအလင်ကို အသုံးပြုကာ ရီးရဲလ်မက်ဒရစ်ကို ယှဉ်ပြိုင်သွားခဲ့သည်။

မန်ယူက အသစ်ခေါ်ယူထားသည့် ဂိုးသမား အိုနာနာ သည် ယခုပွဲစဉ်တွင် မန်ယူအတွက် ပထမဆုံး ပွဲထွက်ကစားလာခဲ့ပြီး အိုနာနာ၏ဂိုးပေါက်ရှေ့သို့ အလွန်အကျွံထွက်ကာ ဘောလုံးကိုင် ကစားတတ်သည့် အမူအကျင့်က မန်ယူအတွက် အခက်အခဲများဖြစ်ပေါ်စေခဲ့သည်ကို မြင်တွေ့ကြရသည်။

ရီးရဲလ်မက်ဒရစ်သည် ပွဲအစ ၆ မိနစ်၌ပင် ဘယ်လင်ဂမ်၏သွင်းဂိုးဖြင့် မန်ယူကို စတင် ဦးဆောင်လိုက်ပြီး ယင်းဂိုးကို ဘယ်လင်ဂမ် သွင်းယူလိုက်ချိန်၌လည်း အိုနာနာမှာ ဂိုးပေါက်ရှေ့ အပြင်ဘက်သို့ အလွန်အကျွံ ရောက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

သို့သော် အနှေးပြကွက်များအရ ယင်းဂိုးကို သွင်းယူလိုက်ချိန်တွင် ဘယ်လင်ဂမ်မှာ လူကျွံအနေအထားတွင် ရှိနေကြောင်း မြင်တွေ့လိုက်ရပြီး ယခုခြေစမ်းပွဲများတွင် VAR ကို အသုံးမပြုသည့်အတွက် ဒိုင်လူကြီး၏ခွင့်ပြုချက်အပေါ်တွင်မူတည်ကာ ရီးရဲလ်မက်ဒရစ်က ဂိုးရရှိသွားခဲ့ခြင်းဖြစ်သည်။

နှစ်သင်းလုံးသည် လူ ၉ ယောက်အထိ လူစားလဲလှယ်ကာ ကစားသွားခဲ့ပြီး မန်ယူက အသစ်ခေါ်ယူထားသော ကွင်းလယ်လူ မေဆန်မောင့်မှာလည်း အသင်းကစားကွက်နှင့် အံဝင်ရန် ရုန်းကန်နေရဆဲဖြစ်သည်ကို မြင်တွေ့ကြရသည်။

ရီးရဲလ်မက်ဒရစ်သည် ပွဲကစားချိန် ၈၉ မိနစ်တွင် အနိုင်ရလဒ် သေချာစေမည့် ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် ယင်းဂိုးကို ဂျိုဆီလူးက သွင်းယူပေးသွားခဲ့ခြင်းဖြစ်သည်။