နာမည်ကျော် ကာယဗလမောင် လေ့ကျင့်‌နေစဉ် ဝိတ်တန်းပိ၍သေဆုံး

0
7938
Photo – New York Times

အင်ဒိုနီရှား ကာယဗလနှင့် ကာယအလှ လေ့ကျင့်ရေးအကျော်အမော် ဂျပ်စတင်ဗစ်ကီသည် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆဖြစ်ပြီး ဝိတ်တန်းပိမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဂျပ်စတင် ဗစ်ကီ သည် ယင်းမတော်တဆမှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ကာယဗလနှင့် ကာယအလှ လောက၌ ဆယ်လီ(Cele)တစ်ဦးအဖြစ် ကျော်ကြားသူလည်းဖြစ်သည်။

ဂျပ်စတင် ဗစ်ကီသည် ကွယ်လွန်ချိန်၌ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးပြီး လေ့ကျင့်ရေးခန်းမတွင် ဝိတ်တန်းမသည့် လေ့ကျင့်ခန်းကို ပြုလုပ်စဉ်အချိန်၌ ဝိတ်တန်းပိကာ ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်။

ဂျပ်စတင် ဗစ်ကီသည် The Paradise Gym လေ့ကျင့်ရေးခန်းမတွင် ပေါင် ၄၀၀ နီးပါးရှိသော ဝိတ်တန်းကို သယ်မလေ့ကျင့်ရန် ဝိတ်တန်းကို ထိုင်နေသည့်အနေအထားမှနေ၍ ဆွဲမပင့်တင်လိုက်စဉ်အချိန်၌ ရှေ့သို့လဲကျသွားစဉ်တွင် ဝိတ်တန်းက ၎င်း၏ပခုံးကို ပိရာကတစ်ဆင့် လည်ပင်းကျိုးသည်အထိ ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။

ဝိတ်တန်း၏အလေးချိန်ကြောင့် ဂျပ်စတင် ဗစ်ကီသည် လည်ပင်းရိုးကျိုးသည့်အပြင် နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အာရုံကြောများလည်း ထိခိုက်သွားခဲ့ပြီး ဆေးရုံဆီသို့ အရေးပေါ်အခြေအနေနှင့် တင်ပို့ပေးခဲ့သော်လည်း ဆေးရုံသို့ရောက်ရှိအပြီးတွင် ဂျပ်စတင် ဗစ်ကီမှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပ်စတင် ဗစ်ကီသည် ကာယဗလနှင့် ကာယအလှ လေ့ကျင့်ရေးမှူးအပြင် အာဟာရဆိုင်ရာ အကြံပေးအဖြစ်ပါ လုပ်ကိုင်နေသူဖြစ်ပြီး အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာထက်တွင် Follower သုံးသောင်းကျော်အထိ ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။