ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ကလေးတစ်ဦးသေဆုံး

0
2345

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခရွဲကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးမှာ ဇူလိုင်လ ၁၃ ရက်နေ့က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ကလေးက နွားကျောင်းရင်းနဲ့ မိုင်းနင်းမိပြီး သေဆုံးသွားတယ်။ ဒီဒေသမှာ တိုက်ပွဲတွေလည်းဖြစ်၊ လက်နက်ကြီးနဲ့ ပစ်၊ အခုဆို မိုင်းနင်းမိမှာလည်း ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။  

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇) တပ်ရင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဒူးသထူခရိုင်က ထုတ်ပြန်ထားသည်။  

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ ပစ်ခတ်သည့် လက်နက်ကြီးသည် မုပ္ပလင်ရွာအနီး အေးဘုရားဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်။

ဘုန်းကြီးကျောင်းရှိ အသက် ၆၁ နှစ်အရွယ် မယ်သီလရှင်တစ်ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံနှစ်လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ကေအဲန်ယူ ဒူးသထူခရိုင်က ထုတ်ပြန်ထားသည်။